မော်လမြိုင် ၊ စက်တင်ဘာ ၆
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် စက်တင်ဘာလအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၈ အတွက် ဒေသတွင်းက လူငယ် ၂၂၂ ဦး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၈ အတွက် စစ်သားစုဆောင်းခံရသူတွေကိုတော့ စက်တင်ဘာ ၅ ရက်နေ့မှာ စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အဖွဲ့က မော်လမြိုင်မြို့ အမှတ် ၄၆ စစ်ရေယာဉ်စု၊ အကူ ရေယာဉ်အုပ်ကို သွားရောက်ပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။
စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ လူငယ် အများစုဟာ ဒေသန္တရ အမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေ၊ ညအချိန် အပြင်ထွက် သွားလာတဲ့ သူတွေနဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ ပါဝင်နေတာပါ။
ဒါ့အပြင် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း စစ်မှုထမ်း အသက်နဲ့ အကြုံးဝင်တယ် ဆိုကာ စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ် ခံရသူတွေ၊ မဲနှိုက် ရွေးချယ်ခံရသူတွေအပြင် နေအိမ်အထိ လာရောက်ခေါ်ဆောင်ကာ စစ်မှုထမ်း သင်တန်း ပို့ဆောင်ခံရသူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူစစ် အဖွဲ့တွေဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းသာ အကြုံးဝင်တယ်လို့ ဆိုထားပေမယ့် အသက်မပြည့်တဲ့ လူငယ်တွေအပြင် စစ်မှုထမ်း အသက်ကျော်သူတွေပါ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံနေရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

