နေပြည်တော် ၊ စက်တင်ဘာ ၆
တပ်မတော် အရာရှိတွေဟာ တပ်ရင်းတပ်ဖွဲ့တွေကို ဦးဆောင်ရသူတွေပီပီ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေ ကင်းရှင်းဖို့ လိုကြောင်း ဒုတပ်ချုပ်က ပြောပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ CDM တပ်အသိုင်းအဝိုင်းနဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်ရှိကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းက အရာရှိတွေကို ဒုတပ်ချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တွေ့ဆုံချိန်မှာ စိတ်ဓာတ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အတွင်း ရုံး/ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေဟာ စိတ်ဓာတ်စည်းကမ်းအရဖြစ်စေ အရည်အချင်းတွေအရဖြစ်စေ ပြစ်မှုကင်းရှင်းပြီး စံပြဖြစ်သူတွေကိုသာ ရွေးချယ်တာဝန်ပေးထားတာလို့ ဆိုပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေကို ဦးဆောင်ရသူတွေပီပီ စစ်စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ဖို့ လိုပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတို့ ကင်းရှင်းဖို့ လိုတယ်လို့ ဒုတပ်ချုပ်က ပြောပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က တပ်အရာရှိအသိုင်းအဝိုင်းအတွင်း အောက်ခြေမှာ ဘယ်သူက ဘာလုပ်နေတယ်ဆိုတာ သိနေပြီးသားဖြစ်လို့ လုပ်တာအပြစ် မဟုတ်ဘဲ မိရင် အပြစ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မူးယစ်ဆေးဝါးကယ်ရီရိုက်တဲ့သူတွေဘာတွေဆိုရင် ချမ်းသာတယ်။ အဲဒီလိုမျိုး ချမ်းသာရာကနေ ကြီးပွားပြီးတော့ စစ်ရုံးချုပ်တွေ ဘာတွေ ရောက်သွားတယ်။ ပြီးရင် နေရာတဖြည်းဖြည်း ရလာတယ်။ သူတို့ ဝုန်းကနဲ့ တစ်ယောက်မှ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာတာ မဟုတ်ဘူး။ သူတို့ ဒုဗိုလ်ကနေစပြီး တက်လာတာ။ အဲဒီတော့ အောက်ခြေမှာ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ သူတို့တွေ သိတယ်။ ဒါပေမယ့် ကျွန်တော်အစောထဲက ပြောသလိုပဲ စစ်တပ်ရဲ့ ဆောင်ပုဒ်က လုပ်တာ အပြစ်မဟုတ်ဘူး၊ မိတာ အပြစ်။ အဲဒီတော့ မိရင်တော့ သူတို့က အရေးယူမယ်။ ဒါတောင်မှပဲ ကာဗာပေးလို့ရတဲ့ သူမျိုးဆို သူတို့ ကာဗာပေးဦးမှာပေ့ါနော်။ အဲဒီတော့ အဓိက သူတို့က မလုပ်နဲ့ မပြောဘူး၊ ပိပိရိရိလုပ် အဲဒီအနေအထားမျိုးပဲ ပြောတာ ဖြစ်မှာပါတယ်ဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ မူးယစ်ဆေးဝါးတွေဟာ မြို့ကြီးပြကြီးတွေအထိ ရောင်းဝယ်ဖောက်ကား လာနေသလို အကျဉ်းထောင်တွေ၊ KTV တွေ ၊ အရက်ဘားတွေနဲ့ နိုက်ကလပ်တွေမှာလည်း ငွေပေးနိုင်ရင် ရနိုင်တဲ့ အနေအထားဖြစ်လာပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားမှာလည်း လူမှုကွန်ရက်တွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာနေကြတာရှိပေမယ့် စစ်အစိုးရဘက်က အရေးယူတာတွေ မရှိသလောက် ရှားသလို မြေပြင်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေကိုလည်း မသိကျိုးကျွန်ပြုထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရာမှာ စစ်ဆေးမခံရအောင် ကုန်သည်တွေက ဒေသတွင်းရှိ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို လာဘ်သိပ်ထိုးရတဲ့ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေတာပါ။
ထိုင်းကုန်ပစ္စည်းတွေကို မြဝတီ-ဘားအံ-သထုံ-ရန်ကုန်၊ ဘုရားသုံးဆူ-မော်လမြိုင်-ရန်ကုန်နဲ့ ရနောင်း-မြိတ်-မော်လမြိုင်-ရန်ကုန် စတဲ့ လမ်းကြောင်းတွေအတွင်း အထူးသဖြင့် မွန်ပြည်နယ်ကို ဖြတ်သန်းပြီး သယ်ယူပို့ဆောင်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကို တရားမဝင် ကုန်သွယ်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ သိမ်းဆည်းတာတွေ ရှိနေသလို ငွေညှစ်တာတွေလည်း ရှိနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက လက်ရှိမှာ ဘာပဲလုပ်လုပ် စစ်တပ်နဲ့ ချိတ်ဆက်ပြီးမှသာ လုပ်လို့ ရတဲ့ အနေအထားဖြစ်နေတာမို့ နယ်လုံဝန်ကြီးကနေ အောက်ခြေ တပ်ဖွဲ့ဝင်တွေအထိ အဂတိကင်းရှင်းဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိ ပိုဆိုးတာက တပ်မတော်သားတွေက ပိုပြီးတော့ တိုင်းနဲ့ပြည်နယ်မှာဆိုရင် နယ်လုံဝန်ကြီးတွေရော အောက်က လက်နက်ကိုင်တွေရော သူတို့ဆီမှာ အဂတိကင်းရှင်းဖို့ဆိုတာ ဘယ်နားက ရှာရမလဲဆိုတဲ့ဟာ ဖြစ်နေတယ်။ စကားပြောတာတော့ အဂတိရှင်းရမယ် ငွေကြေးလိမ်လည်မှု ရှင်းရမယ်ဆိုတာ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ နောက် ကိုယ်လက်အင်္ဂါရောင်းစားမှုတွေ မူးယစ်တွေ အကုန်လုံးက တပ်မတော်နဲ့ ဆက်စပ်ပြီးမှ ဖြစ်လာတဲ့ ကိစ္စတွေ ခင်ဗျ။ တပ်မတော်နဲ့ ချိတ်ဆက်ပြီးတော့မှ အကုန်လုံး လုပ်တာဆိုတော့ အဓိက တရားခံကတော့ တပ်မတော် အာဏာသိမ်း စစ်တပ်ပဲ ဖြစ်နေတယ်”လို့ ဆိုပါတယ်။
ဒုတပ်ချုပ်ကတော့ တပ်အရာရှိတွေဖြစ်တာနဲ့အညီ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်ကျင့်ကြံသွားဖို့ လိုသလို မိမိလက်အောက်ကိုလည်း အလားတူ ဖြစ်အောင် ထိန်းသိမ်းကြပ်မတ်သွားမှသာ မိမိတာဝန်ယူရတဲ့အဖွဲ့အစည်းကို တည့်မတ်မှန်ကန်စွာ ကွပ်ကဲအုပ်ချုပ်နိုင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုယ်ကျင့်တရားပျက်ပြားရင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ထိခိုက်စေမှာဖြစ်တဲ့အတွက် စစ်သည်ကောင်းတစ်ယောက်ပီသစွာ ကျင့်ကြံနေထိုင်ကြဖို့ လိုပြီး မိမိကိုယ်ကို ထိန်းသိမ်းတာဟာ မိမိ တပ်ဖွဲ့ ၊ ဌာန၊ တပ်မတော်ရဲ့ ဂုဏ်ကို ထိန်းသိမ်းတာလို့ အရာရှိတွေကို ပြောကြားထားတာပါ။
ပြည်သူတွေကတော့ မြေပြင်မှာ မူးယစ်ဆေးဝါးတွေ အွန်လိုင်းလောင်းကစားမှုတွေ လိုင်စင်မဲ့ယာဉ်တွေ တရားမဝင် ကုန်စည်စီးဆင်းမှုတွေမှာ တပ်အရာရှိတွေကနေ အောက်ခြေတပ်ဖွဲ့ဝင်တွေအထိ ပါဝင်ပတ်သက် လုပ်ဆောင်နေကြတာဖြစ်လို့ ခြောက်ပစ်ကင်း သဲလည်းစင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။
ဒေသခံတစ်ဦးက အောက်ခြေမှာရှိတဲ့ စစ်သားအတော်များများဟာ ကျွဲဂိမ်းလိုမျိုး အွန်လိုင်းဂိမ်းတွေကို ဆော့နေကြတာ တွေ့ရပြီး ငွေလိုတဲ့အခါ ပြည်သူတွေဆီက ပိုက်ဆံတောင်းတော့တာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောင်းကစားနဲ့ပတ်သက်ရင် ကျွဲဂိမ်းကို စွဲစွဲမြဲမြဲ ဆော့နေတာ တွေ့ရတယ်။ ဖုန်းထဲကနေ ဆော့တယ်၊ ဂိမ်းတွေ ဆော့တယ်။ အဲဒီကနေပြီးတော့ ငွေလိုတဲ့အခါကျရင် အဆင်ပြေတာရော မပြေတာရော အကုန်လုံး တွေ့တဲ့ဟာ ကောက်ဖမ်းပြီးတော့ ပိုက်ဆံတောင်းတာတွေ ဘာတွေ ဖြစ်လာတော့တာ အောက်ခြေမှာပေါ့နော်။ အပေါ်မှာတော့ ကျွန်တော်တို့ မသိဘူး၊ အောက်ခြေမှာတော့ ကျွန်တော်တို့ မြင်တွေ့နေရတာ တပ်သားတွေ တော်တော်များများ ကျွဲဂိမ်းလိုမျိုးတွေ ဂိမ်းတွေ ငွေပေးလို့ရတဲ့ အွန်လိုင်းဂိမ်းတွေ ဆော့တာ တွေ့တယ်။ နောက်တခြားကိစ္စတွေဆိုရင်လည်း ဒီလိုမျိုးပဲ တရားမဝင် ကုန်စည်တို့ ဘာတို့ဆို အောက်ခြေမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတော့ အပေါ်က လူကြီးတွေက တိုက်ရိုက် သိမှာ မဟုတ်ဘူး၊ အောက်ခြေမှာ လုပ်စားနေတာ အများကြီး။ ပြည်သူတွေက တောက်လျှောက် ရင်စည်းပြီး ခံနေရတယ်”လို့ ဆိုပါတယ်။
တစ်ဘက်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းတွေကနေ သိမ်းဆည်းထားတဲ့ လူသုံးကုန်ပစ္စည်းတွေကို စစ်တပ်တပ်ဖွဲ့ဝင်တွေက အနိမ့်ဈေးနဲ့ ပြန်လည်ရောင်းစားပြီး ရရှိလာတဲ့ ငွေကြေးတွေကို အဆင့်ဆင့် ခွဲဝေယူကြတာတွေလည်း ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေကနေ သိရပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုနဲ့ KK Park နယ်မြေက ကျားဖြန့်အဆောက်အအုံတွေကို စစ်တပ်က ဖြိုချဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီအဆောက်အအုံကနေ စားပွဲခုံတွေ၊ ထိုင်ခုံတွေ၊ အဲကွန်းတွေ၊ ရေခဲသေတ္တာတွေနဲ့ အခြားပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။
ကျားဖြန့်အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းတဲ့အခါ စစ်တပ်က ငွေကြေးလိမ်လည်မှုအတွက် အဓိက အသုံးပြုရတဲ့ Star Link က အင်တာနက်ပစ္စည်းတွေ၊ ကွန်ပျူတာတွေနဲ့ ဖုန်းတွေကိုသာ သိမ်းဆည်းကြောင်း ဖော်ပြလေ့ရှိပြီး တခြား အသုံးအဆောင်တွေကိုတော့ ဖော်ပြလေ့ မရှိပါဘူး။
ဒီလိုမျိုး အလွဲသုံးစားလုပ်မှုတွေ အပါအဝင် အဂတိလိုက်စားမှုတွေ မူးယစ်ဆေးဝါးမှုတွေ အွန်လိုင်းလောင်းကစားမှုတွေမှာ စစ်တပ်အသိုင်းအဝိုင်းက ပါဝင်ပတ်သက်နေပေမယ့်လည်း စစ်အစိုးရလက်ထက်မှာ တစ်စုံတစ်ရာ စစ်ဆေးအရေးယူတာတွေ မရှိသေးပါဘူး။
စစ်ကောင်စီလက်ထက်တုန်းက အနာဂတ် တပ်ချုပ်လို့ ထင်ကြေးပေးခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ လက်ထောက်ဖြစ်သူ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စစ်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့ ဖြစ်စဉ်တော့ ရှိခဲ့ဖူးပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

