မုဒုံ၊ စက်တင်ဘာ ၅
မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ Comment ဝင်ရေးတဲ့ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းရွာသား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ အရွယ် ဦးဇင်မင်းခိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာမှာ ဧည့်သည်တစ်ဦးအား သွားကြိုစဉ် စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
အဲဒီနောက် ဦးဇင်မင်းခိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ပြီးနောက် သံဖြူဇရပ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်လိုက်တာပါ။
ဦးဇင်မင်းခိုင် ဖမ်းဆီးခံရပြီးကတည်းက မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာ ဆရာတော်အပါအဝင် ရွာခံလူကြီးတွေ ပြန်လွှတ်ပေးဖို့ အကူအညီ သွားတောင်းပေမယ့် မပြန်လွှတ်ပေးဘဲ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ရွာခံ တစ်ဦးက ပြောပါတယ်။
ဦးဇင်မင်းခိုင်ဟာ “လင်းလက်လမင်း”အကောင့်နဲ့ ရေးဘီလူးအကောင့်မှာ တင်ထားတဲ့ ပိုစ့်အောက်တွေမှာ “ညီကိုတို့ရေ ဂရုစိုက်ပါ”ဆိုတဲ့ စာသားဝင်ရောက် ရေးသားမှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ရေးဘီလူး Facebook အကောင့်အောက်မှာ Comment ဝင်ရေးသူတွေနဲ့ အသဲပေးသူတွေကို စောင့်ကြည့်ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ရေးဘီလူး အကောင့်အောက်မှာ Comment ဝင်ရေးသူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးထားတဲ့သူတွေကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် ၅၂ (က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

