မကွေး စက်တင်ဘာ ၄
သုံးလကြာတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ်က သီးကုန်းလမ်းဆုံကို အာဏာသိမ်းစစ်တပ်က နေရာယူထားတာကြောင့် ဆက်သွယ်ရေးပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေကြား စိုးရိမ်မှုရှိနေပါတယ်။
သြဂုတ် ၃၀ ရက်ကစပြီး စက်တင်ဘာ ၄ ရက် လက်ရှိအချိန်ထိ အင်အား ၁၅၀ ဝန်းကျင်နဲ့ ဆော-ရင်းခေါ်-မင်းလယ်- သီးကုန်းဘက်အထိ အာဏာသိမ်းစစ်တပ်က ဖြန့်ကျက်နေရာယူထားတာပါ။
“သီးကုန်းက အဓိကလမ်းမကြီး လမ်းဆုံပေါ့။ အဲဒီတဝိုက်မှာပဲ တိုက်ပွဲတွေ သုံးလလောက် ပတ်ဖြစ်နေတာ။ အခုက စစ်တပ်က နေရာယူလိုက်တာပေါ့။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ နေရာယူ အထိုင်ချခဲ့တာဖြစ်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘာကြောင့်ဆုတ်ခွာသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
သီးကုန်းလမ်းဆုံဟာ ဆောနဲ့ ဆိပ်ဖြူ၊ ဆောနဲ့လောင်းရှည်ကို အဓိကချိတ်ဆက်ထားတဲ့လမ်းဆုံဖြစ်ပြီး စိုက်ပျိုးမြေဖြစ်ထွန်းရာလည်းဖြစ်တာကြောင့် ဆက်သွယ်ရေးနဲ့ တောင်ယာလုပ်ငန်းတွေ အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။
“ဒေသခံတွေတော့ ဒုက္ခ ပိုရောက်တာပေါ့။ တောင်သူ လုပ်လို့မရတော့ဘူးလေ။ဆောနယ် ဆက်သွယ်ရေး အားလုံးနီးပါးကို ထိန်းချုပ်ပြီးသားဖြစ်သွားမယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆောမြို့နယ်ကို မေလကတည်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
အာဏာသိမ်းစစ်တပ်က သီးကုန်းကျေးရွာကို ဝင်ရောက်စဉ်မှာလည်း လမ်းတလျှောက်က စစ်ဘေးရှောင်တွေနဲ့ သီးကုန်းကျေးရွာသား ၄၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
ဆောမြို့နယ် တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ ၁၅၀၀၀ ဝန်းကျင်ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

