မော်လမြိုင် ၊ စက်တင်ဘာ ၅

အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရက မော်လမြိုင်မြို့မှာ ဖော်ဆောင်နေတဲ့ လှိုင်ရတနာ မြို့သစ် မြေကွက် အများစု ရေမြုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်စစ်အစိုးရဟာ လှိုင်ရတနာ မြို့သစ် မြေကွက်စီမံကိန်းကိုတော့ ဇုန်အလိုက် ဇုန် A ၊ ဇုန် B နဲ့ ဇုန် C ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြား သတ်မှတ်ကာ မြေကွက်ပေါင်း ထောင်နဲ့ချီ ဖော်ဆောင်ထားပါတယ်။

စီမံကိန်း မြေကွက်တွေဟာ အတ္ထရံမြစ်ရေ မြင့်တက်လာမှုနဲ့ အတူ ရေထရက် ခေါင်ရေ ရက်တွေမှာ ချောင်းတွေအတွင်း ရေဝင်ရောက်လာပြီးနောက် စီမံကိန်းရဲ့ မြောင်းတွေအတွင်း ရေဝင်ကာ ရေမြုပ်နေတာ ဖြစ်ပါတယ်။

မြို့ခံ တစ်ဦးကတော့ စီမံကိန်း မြေကွက်တွေ ရေမြုပ်ရတာဟာ အရင်က ရှိခဲ့တဲ့ ချောင်းတွေကို စီမံကိန်း ဖော်ဆောင်တဲ့ နေရာမှာ မြောင်းတွေအဖြစ် ပြုလုပ်လိုက်တာကြောင့် မြေကွက်တွေအတွင်း ရေဝင်လာတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ချောင်းကို မြောင်းလုပ်လိုက်တော့ အဲဒီမှာ ရေအပေါ် ရောက်လာတာပေါ့။လမ်းဖောက်ထားတယ်။ လမ်းဘေးတွေမှာ မြောင်းလေးတွေပါ လုပ်ထားတယ်။ အဲဒီမြောင်းတွေမှာ မြောင်းတော့ မြုပ်သွားတာပေါ့။ မြေကွက်တော့ ရေတော့ ဝပ်နေတာပေါ့။ ဝပ်နေတယ်ဆိုတော့ အိအိကြီး ဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် လှိုင်ရတနာ မြို့သစ်မြေကွက် စီမံကိန်းရဲ့ မြေကွက်တချို့ဟာ ရေပြန်ကျချိန်မှာ ရေတွေ ပြန်ပါပြီး ရေမမြုပ်တော့ပေမယ့် တချို့ မြေကွက်တွေမှာတော့ ရေတင်ကျန်နေတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လှိုင်ရတနာ မြို့သစ်မြေကွက် စီမံကိန်းကို အာဏာသိမ်း စစ်တပ်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်က အဲဒီမှာ နေထိုင်သူတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပြီး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ။

လက်ရှိ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း လက်ထက်မှာလည်း စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေတဲ့အပြင် ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာရန်ပုံငွေကို အများဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မွန်စစ်အစိုးရ အဖွဲ့ဟာ တိုက်ရိုက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၇၅၀ ကျော် ရရှိထားပြီး လှိုင်ရတနာ မြို့သစ်မြေကွက် စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၉၀၀၀ ဝန်းကျင် အသုံးပြု ထားတာပါ။

မော်လမြိုင်မြို့က လှိုင်ရတနာ မြို့သစ်မြေကွက် စီမံကိန်းကိုတော့ မွန်ပြည်နယ် စစ်အစိုးရနဲ့ ငွေမိုးလုပ်ငန်းစုက ခရိုနီ ဦးမိုးကျော်တို့ ပူးပေါင်းပြီး ဖော်ဆောင်နေတာ ဖြစ်ပြီး လက်ရှိ မြေကွက် တစ်ကွက်ဟာ ကျပ်သိန်း ၈၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၄၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.