မြဝတီ၊ စက်တင်ဘာ ၅

နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက် ကျောက်ခက်နယ်မြေအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဖလူးနယ်မြေမှာ စစ်တပ်က ဒရုန်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

မြဝတီမြို့တောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နေရာဖြစ်တဲ့ ကျောက်ခက်နယ်မြေအနီးအနားက သဲဖြူချောင်းဒေသကို စစ်တပ်က စစ်ကြောင်းဆက်လက်ထိုးစစ်ဆင်ခဲ့ရာ KNLA တပ်မဟာ ၆ ဦးစီးတဲ့ တော်လှန်းရေးတပ်ဖွဲ့တို့နဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။

သဲဖြူချောင်းဒေသကနေ အနီးအနားက DKBA ဗိုလ်ချုပ်စိုင်းကျော်လှရဲ့ နေရာဖြစ်တဲ့ ကျောက်ခက်နယ်မြေထဲကို စစ်တပ်က တိုးဝင်ထိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး ကျောက်ခက်နယ်မြေရှိ ကျားဖြန့်အလုပ်သမားတွေကို DKBA က အရင်ကတည်းက ကြိုတင်ရွှေ့ပြောင်းထားပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲအချိန်မှာ စစ်တပ်က ဖလူးနယ်မြေ ကျွန်းတောရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူ ၄ ဦး ထိခိုက်မှုရှိပြီး အဲဒီ ၄ ဦးထဲမှာ ကလေးတစ်ဦးသေဆုံးကာ ကျန် ၃ ဦးက ဒဏ်ရာအသီးသီးရရှိခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မြဝတီမြို့တောင်ပိုင်း စစ်ကြောင်းထိုး တိုက်ခိုက်မှုအတွင်း အထိနာနေခဲ့တာကြောင့် ဒေသခံပြည်သူတွေရှိနေရာ နေရာတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သလို DKBA တပ်ဖွဲ့တွေ စခန်းချရာနေရာတွေနဲ့ အွန်လိုင်းကျားဖြန့်စင်တာတွေရှိရာ နေရာတွေကိုလည်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လက ဖလူးနယ်မြေအနီးရှိ သုံးထပ်ကွေ့မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ကျွန်းတောက DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ တပ်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရဟန်းသံဃာတစ်ပါးအပါ DKBA တပ်သားတွေလည်း သေဆုံးထားပါတယ်။

မြဝတီတောင်ဘက်နယ်မြေအတွင်း အထိနာခဲ့တဲ့ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ အင်အားအဆက်မပြတ် ဖြည့်ဆည်းကာ စစ်ကြောင်းထိုးတိုက်ခိုက်စေပြီး တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားတွေ သေဆုံးဒဏ်ရာရတာ ထွက်ပြေးတာတွေ ရှိနေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.