လန်ဒန်၊ စက်တင်ဘာ ၃

စက်တင်ဘာ ၂ ရက်က နိုင်ငံပေါင်း ၆ နိုင်ငံရှိ ထိုင်း သံရုံးတွေ အပြင်ဖက်မှာ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာထောက်ခံသူတွေ ချိတ်ဆက်ပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သံတမန်ရေး စေ့စပ် ဆက်ဆံမှုတွေ ရပ်တန့်ရေး ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်လည် ပို့ဆောင်မှု ရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက တိုကျို၊ လန်ဒန်၊ ဝါရှင်တန် ဒီစီ၊ ကင်ဘာရာ၊ ဆိုးလ်နဲ့ ပါရီမြို့တို့ရှိ ထိုင်းသံရုံးများသို့ အိတ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့ကြပါတယ်။

အဆင့်မြင့် အပြန်အလှန် စေ့စပ်ဆက်ဆံမှုတွေကြောင့် ၂၀၂၁ ခုနှစ်််မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရအတွက် နိုင်ငံရေးအရ တရားဝင်ဖြစ်မှု ခွင့်ပြုပေးရာရောက်တယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာတွေမှာ သတိပေးထားပါတယ်။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်က ဘန်ကောက်သို့ မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာ ကူလ်နဲ့ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ ပြန်လည် စေ့စပ်ရေး မူဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေက ပြောကြားပြီး ဘန်ကောက် အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရက်တစ် ဆန္ဒကို လေးစားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဗီဇာ သက်တမ်း ကျော်လွန်နေထိုင်မှု၊ တရားမဝင် ဝင်ရောက်မှု ဒါမှမဟုတ် ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့အတွက် စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသားတွေကို အရှိန်မြှင့် ဖယ်ရှား ရှင်းလင်းမယ့် ပြန်လည် ပို့ဆောင်ရေး မူဘောင်နဲ့ ပတ်သက်လို့လည်း စိုးရိမ်ကြောင်း ဆန္ဒပြသူတွေက သြဂုတ် ၂၆ ရက်မှာ ဝန်ကြီးချုပ် အနုတင်ထံ တင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မိခင်နိုင်ငံသို့ ပြန်ပို့ခံရရင် မတရား ဖမ်းဆီးခံရနိုင်ပြီး စစ်ဆေး မေးမြန်းတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေဆီ ရောက်သွားချိန်မှာလည်း ကိုယ်ထိလက်ရောက် ပြင်းထန်တဲ့ စော်ကားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

၂၀၂၄ စစ်မှုထမ်း ဥပဒေကြောင့်လည်း မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အရွယ်တွေ အတင်းအကြပ် စစ်မှုထမ်းခိုင်းတာ ခံရနိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ NUG ၊ SCEF တို့ အပါအဝင် မြန်မာ ဒီမိုကရေစီ အင်အားစုတွေနဲ့ စေ့စပ်ဆက်ဆံဖို့လည်း မြန်မာ အသိုင်းအဝိုင်းက တိုက်တွန်းထားပါတယ်။

အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ နဲ့ NUG တို့ ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ဖွဲ့စည်းရေး ဦးဆောင် ကော်မတီလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ စတင် စေ့စပ် ဆက်ဆံဖို့လည်း ထိုင်းကို ဆန္ဒပြသူတွေက တိုက်တွန်းထားပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.