ပုလော ဇူလိုင် ၂၉
တနင်္သာရီတိုင်း ပုလောမြို့နယ် ဘိုင်းပြင်ရွာမှာ ရွာကို ရိက္ခာပြန်ယူတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကျေးရွာကနေ စစ်ရှောင်နေရတဲ့ ရွာခဲ အမျိုးသား ၃ ဦးဟာ ကျေးရွာကို ပြန်လာစဉ် ကင်းလှည့်နေတဲ့ အာဏာသိမ်း စစ်တပ် တပ်သားတွေနဲ့တိုးပြီး ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။
ရိက္ခာလာယူချိန် စစ်ကြောင်းနဲ့တိုးပြီး လိုက်ပစ်လို့ လူ ၃ ဦး ထွက်ပြေးရာမှာ ၂ ဦးက လွတ်မြောက်ခဲ့ပေမယ့် တစ်ဦးက ကျည်ထိကာ ကျန်ခဲ့တာဖြစ်တယ် လို့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ကျည်ထိမှန်တာကြောင့် အသက် ၃၀ အရွယ် ဇရပ်ဆိပ်ရွာသားမှာ နေရာမှာတင်သေဆုံးသွားပြီး စစ်တပ်က အလောင်းကိုစွန့်ပစ်သွားတယ်လို့ ဆိုပါတယ်။
ဇရပ်ဆိပ်ရွာနဲ့ဗိုင်းပြင်ရွာခံတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက စစ်ဘေးရှောင်နေရတာဖြစ်ပြီး စစ်ရှောင်ရတာ ရက်ကြာလာလို့ စားနပ်ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာလမ်းဆုံမှာ မိုင်းထိလို့ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

