မော်လမြိုင်၊ ဇူလိုင် ၂၈

မော်လမြိုင်-ရန်ကုန် လေအေးပေးစက်ပါ လူစီးအမြန် ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို ဒဏ်ငွေ တစ်သိန်းစီသာ အမိန့်ချမှတ်လိုက်တယ်လို့ တရားနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင် ဆရာမကြီး ဒေါ်မြသန်းပါ ၅၄ ဦးကို မနေ့ ဇူလိုင် ၂၇ ရက်နေ့က မော်လမြိုင်မြို့နယ် တရားရုံးကနေ ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေ ပုဒ်မ ၈၈(က)အရ တစ်ဦးလျှင် ဒဏ်ငွေ တစ်သိန်း ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။

ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို ဒဏ်ငွေ တစ်သိန်းစီသာ အမိန့်ချမှုပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိနေပြီး တရားစီရင်ရေးအပေါ် ပြင်းထန်တဲ့ ရှုတ်ချမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီအမှုမှာ ပြည်နယ်၊ခရိုင်နဲ့မြို့နယ် တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေအပါအဝင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကအစ ငွေကျပ် သိန်းရာနဲ့ချီ လာဘ်စားမှုတွေ ကျုးလွန်ခဲ့တယ်လို့ တရားနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒဏ်ငွေ တစ်သိန်းစီသာ အမိန့်ချမှတ်ခံရတဲ့ ဒေါ်မြသန်း ဦးစီးတဲ့အဖွဲ့မှာ ပါဝင်သူတွေဟာ မော်လမြိုင်မြို့ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဇနီးမယားတွေ၊ ဌာနဆိုင်အကြီးအကဲတွေနဲ့ စစ်တပ် အရာရှိ ဇနီးမယားတွေ အများဆုံး ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားခရီးစဉ်မှာ ဆရာမကြီး ဒေါ်မြသန်း ဦးဆောင်တဲ့ မော်လမြိုင် ကမ်းနားလမ်း အားကစားအဖွဲ့ဟာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံစွာ ကခုန်ပျော်ပါးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ အရေးယူပေးဖို့ တောင်းဆိုမှုတွေ များပြားလာတာကြောင့် စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေ ပုဒ်မ ၈၈(က) နဲ့ အမှုဖွင့်အရေးယူခဲ့တာပါ။

ဒေါ်မြသန်းပါ ၅၄ ဦး အမှုဖွင့်ခံထားရတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) အရ ပြစ်မှုထင်ရှားရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်သောင်းကနေ အများဆုံး ကျပ် တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်ရထားခရီးစဉ်မှာ လိုက်ပါလာတဲ့ အမျိုသမီး လေးဦးဟာ ရထားပေါ်မှာ ကျယ်လောင်စွာ စကားပြောတာ၊ ကွမ်းစားတာ၊ ပတ်ဝန်းကျင် ညစ်ပတ်အောင် လုပ်ဆောင်မှုကြောင့် ထောင်ဒဏ် နှစ်လ အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.