မကွေး ဇူလိုင် ၂၉

မကွေးတိုင်း ဆောမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်လို့ မကွေးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၆ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လောင်းရှည်တိုက်နယ်ကနေ ဆောမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အထိနာလို့ ဆုတ်ခွာထွက်ပြေးစဉ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်လို့ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက် တိုက်ပွဲမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ အင်အား ၃၀ ပါစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း၊ ရိက္ခာတင်ကား ၃ စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၅ ရက်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က အင်အား ၁၈၀ အပါအဝင် လေကြောင်းပစ်ကူနဲ့ပါ လောင်းရှည်ကနေ ဆောမြို့နယ်ကိုဦးတည်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တားဆီးနိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန်မှာ လိုက်လံတိုက်ခိုက်ခဲ့ကာ စစ်သုံ့ပန်း ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လောင်းရှည်တိုက်နယ်မှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၅ ရှိနေတာဖြစ်ပြီး အဲဒီကနေတဆင့် ဆောမြို့နယ်ကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးရာမှာ လက်ရှိ ဇူလိုင် ၂၈ ရက်အထိတိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.