ဘီးလင်း၊ ဇူလိုင် ၂၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က တစ်ပတ်အတွင်း လူငယ် ၁၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကာလအတွင်းမှာ မြို့တွင်းလမ်းတွေနဲ့ကျေးရွာချင်းဆက်လမ်းတွေပေါ်မှာ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
အရင်လို ညဘက် ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ညနေအချိန် အလုပ်ပြန်တဲ့လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ အကြားရှိကြပြီး လိပ်ခုံး၊ ညောင်ပလင်ကျေးရွာနေသူတွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရလူငယ်တွေကို စစ်တပ်အဖွဲ့ဝင်တွေက ဘီးလင်းရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဖမ်းဆီးခံရသူတွေထဲက ၃ ဦးကိုတော့ ကျပ်သိန်း ၁၀၀ တောင်းကာ ပြန်လွှတ်ပေးလိုက်ပေမယ့် ငွေမပေးနိုင်တဲ့ လူငယ်တွေက ဆက်လက် ဖမ်းဆီးခံထားရပါတယ်။
ဒါ့အပြင် စစ်တပ်နဲပျုစောထီးအဖွဲ့တွေဟာ ဘီးလင်းမြို့အဝင် ဘီးခွန်ကောက်ခံဂိတ်နဲ့ ဘီးလင်းသကြားစက် အဝင်လမ်းထိပ်က စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားယာဉ်တွေပေါ်မှာ ပါလာတဲ့ လူငယ်တွေကိုလည်း စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာလည်း ဘီးလင်း-ရွှေလှေလမ်းပိုင်းပေါ်ကနေ စစ်တပ်က လူငယ် ၂၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်း ပို့ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

