ချင်းမိုင်၊ ဇူလိုင် ၂၄
ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ငွေကျောင်းတော်လို့လည်း ခေါ်တဲ့ ဝတ်သီရိ ဆုန် ဘုရားကျောင်းသို့ အမျိုးသားများပဲ ဝင်ရောက်ခွင့်ရှိကြောင်း ဘုရားကျောင်း အပြင်ဖက်မှာ ဖော်ပြထားတဲ့ တားမြစ်ချက် ဓာတ်ပုံကို ကမ္ဘာလှည့် ခရီးသွား တစ်ဦးက လူမှုမီဒီယာပေါ်မှာ ဝေမျှခဲ့ပြီးနောက် အွန်လိုင်းပေါ်မှာ ကျား၊မ ညီမျှရေး ပြောဆိုသံတွေ ဆူညံစွာ ထွက်ပေါ်လာနေပါတယ်။
အဲဒီ အသိပေးချက်မှာ အူဘိုဆော့ ဘုရားကျောင်းထဲ ဝင်ရောက်ခွင့်အတွက် အမျိုးသားတွေရော အမျိုးသမီးများပါ ဝင်ခွင့် လက်မှတ်များ ဝယ်ယူရမယ်လို့ ဖော်ပြထားပေမယ့် အမျိုးသားတွေကိုပဲ ဝင်ခွင့်ပြုကြောင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဘုရားကျောင်း ပြင်ပ ပရဝုဏ်က ပတ်ပြီး လမ်းလျှောက်ခွင့် ပိတ်ပင်ခံထားရပြီး အတွင်းဖက်ကိုလည်း ဖုန်းထဲကပဲ ဖူးမျှော်ခွင့် ရှိနေတာ ဖြစ်ပါတယ်။
X လူမှုမီဒီယာပေါ်မှာ ဝေမျှထားတဲ့ အဲဒီ ဖော်ပြချက်ကို ကြည့်ရှုမှု အကြိမ်ရေ ၄ ဒသမ ၅ သန်း ရှိပြီး ကမ္ဘာတဝှမ်း လူမှုမီဒီယာ သုံးသူတွေရဲ့ ကဲ့ရဲ့ ဝေဖန် ပြစ်တင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အဲဒီ ဘုရားကျောင်းသို့ ဝင်ရောက် ဖူးမျှော်လိုသူတွေကို အဖိုးအခ ကျား၊မ တန်းတူ ကောက်ခံထားပေမယ့် အမျိုးသမီးတွေကို ဝင်ရောက်ခွင့် မပြုဘူးလို့ တားမြစ်ထားတာကြောင့် ကျား၊မ ညီမျှမှုနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံး အချေအတင် ပြောဆိုမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အဲဒီ ဘုရားကျောင်းရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ ကြော်ငြာချက်အပေါ်ကိုလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ထိုင်းနိုင်ငံသားအများအပြားကတော့ အဲဒီ တားမြစ်ချက်ဟာ ဗုဒ္ဓ အဆုံးအမတွေကို လေ့လာသင်ယူဖို့ တားမြစ်ထားတာ မဟုတ်ကြောင်းနဲ့ လန်နာ ဘုရင်ခေတ်အထိ ဆက်စပ်နေတဲ့ ဒေသဆိုင်ရာ အယူအစွဲတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
အဲဒီ အယူအဆဟာ ဟိန္ဒူ အယူအဆနဲ့လည်း ဆက်နွယ်နေတယ်လို့ ဘာသာရေး လေ့လာသူတွေက ပြောပါတယ်။
ဟိန္ဒူဘာသာဝင် တချို့က အမျိုးသမီးတွေ ဓမ္မတာ လာနေချိန် သန့်စင်မှု မရှိတာကြောင့် ဘုရားကျောင်းတွေထဲ ဝင်ခွင့်မရှိဘူးလို့ တားမြစ်ထားပါတယ်။
အခုလို တားမြစ်ချက်နဲ့ ပတ်သက်လို့ ထိုင်း လူမှုမီဒီယာ သုံးသူတွေက ဒါဟာ ဗုဒ္ဓဘာသာ အဆုံးအမနဲ့ မသက်ဆိုင်ဘဲ ဒေသဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ပဲ သက်ဆိုင်တယ်လို့ မှတ်ချက်များ ရေးသားထားကြပါတယ်။
Ref: Khaosodenglish

