မော်လမြိုင်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်ကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

လက်နက်အားကိုးနဲ့ မတရားစစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလအထိ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၂ ခုမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရလို့ မတရားဖမ်းဆီးထိန်းသိမ်းခံရချိန် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့တာပါ။

PPNM ရဲ့ အချက်အလက်တွေအရ သေဆုံးသူ ၁၄၈ ဦးထဲမှာ အမျိုးသားနိုင်ငံရေးအကျဉ်းသား အများဆုံးသေဆုံးခဲ့ပြီး အသက် ၃၆ နှစ် ၅၅ နှစ်ကြားရှိ လူကြီးပိုင်းအရွယ်တွေ အများဆုံး သေဆုံးခဲ့ပြီး အသက် ၁၇ နှစ်အောက် ကလေးနဲ့ လူငယ် ၂ ဦးအပြင် အသက် ၇၀ ကျော် အရွယ် နိုင်ငံရေးအကျဉ်းသားတွ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှု အမြင့်ဆုံးနှစ်ဖြစ်ပြီး အင်းစိန်ထောင်မှာ သေဆုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်ထောင်အတွင်း ကျန်မားရေးစောင့်ရှောက်မှုဟာ ဒုတိယဦးစားပေးအဆင့်သာရှိပြီး အချိန်မီဆေးဝါးကုသခွင့် ကန့်သတ်ထားခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ကာကွယ်ကုသလို့ ရတဲ့အခြေအနေတွေမှာပဲ အသက်သေဆုံးခဲ့ရတယ်လို့ PPNM က ဆိုထားပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းတွေအနေနဲ့ အများဆုံးမှာ နှလုံးရောဂါ၊ အသည်းပျက်စီးတာ၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာနဲ့ နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှု ၆၄ မှုနဲ့ အများဆုံးဖြစ်ပြီး ကျန်တဲ့ သေဆုံးမှုဟာ အောက်ဆီဂျင်ပြတ်လပ်မှု၊ ကိုဗစ် ၁၉ ၊ သွေးဆိပ်သင့်မှု တီဗီရောဂါတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာကို နိုင်ငံရေးအကျဉ်းသားတွေအား လုံလောက်တဲ့ ဆေးဝါးကုသခွင့် ပေးထားတယ်လို့ လူသိရှင်ကြား လိမ်လည်ပြောဆိုထားပေမယ့် သေဆုံးတဲ့ပုံစံတွေဟာ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရောဂါတွေကို ကာကွယ်ကုသလို့ ရရဲ့သားနဲ့ အချိန်မီဆေးကုခွင့် တမင်တကာ ပိတ်ဆို့ထားကာ လူမဆန်စွာ သေဆုံးစေတဲ့ ဖြစ်စဉ်တွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာရှင်ဒေါက်တိုင်တွေအားလုံး တာဝန်ယူရမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.