ဘီးလင်း၊ ဇူလိုင် ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာရှိ ကုန်သွယ်ရေးဂိတ်စခန်းအား အာဏာသိမ်း စစ်တပ် ဝင်ရောက်စီးနင်းတဲ့ ဖြစ်စဉ်အတွင်း ရိုက်နှက်ဖမ်းဆီးခံရတဲ့ အရပ်သား နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့နဲ့ ၆ ရက်နေ့တို့မှာ တက်တူးကုန်းကျေးရွာ ကုန်သွယ်ရေးဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ တက်တူးကုန်းကျေးရွာရှိ ဒေသခံ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သလို တက်တူးကုန်းကျေးရွာနေ ခွန်ထက်ဦးနဲ့ ယာဉ်မောင်း တစ်ဦးတို့ကို ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်တပ် ရိုက်နက်ဖမ်းဆီးသွားတဲ့ အဲဒီအရပ်သား နှစ်ဦးဟာ ဇူလိုင် ၂၂ ရက်နေ့အထိ ပြန်မလွတ်လာသေးသလို သတင်းအစအနပါ ပျောက်ဆုံးနေတဲ့အတွက် မိသားစုက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က ဗိုလ်ကြီး တစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း အာာဏာသိမ်း စစ်တပ်ဟာ တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်နေတဲ့ ကုန်တင်ယာဉ် အစီး ၃၀ ထက်မနည်း ဖမ်းဆီးသွားပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ကုန်ပစ္စည်း သယ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.