မော်လမြိုင်၊ ဇူလိုင် ၂၂
မွန်ပြည်နယ်မှာ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ချဲသည်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်ကစလို့ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ကော်မရှင်သမားတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ဝင်းပကျေးရွာနေ ချဲသည် တစ်ဦးကို ဖမ်းဆီးပြီးနောက် သိမ်ဆိပ်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဒီကနေ့ထုတ် စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
အလားတူ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တို့မှာလည်း နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ချဲသည် နှစ်ဦးကို ဖမ်းဆီးပြီး လောင်းကစား ငွေကြေးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ချဲသည်တွေကို လိုက်လံ ဖမ်းဆီးမှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အွန်လိုင်း လောင်းကစားတွေကို မြေပြင်ကွင်းဆင်းပြီး တိုက်ဖျက်ကြဖို့ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သံလွင်တိုင်းမ် ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မွန်ပြည်နယ်မှာ အခုလအတွင်း နှစ်လုံးထီ၊သုံးလုံးထီ ရောင်းချတဲ့ ချဲသည် ဆယ်ချီ ဖမ်းဆီးခံထားရပြီး အားလုံးကို လောင်းကစား ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ချဲသည်တွေကို အသည်းအသန် လိုက်လံဖမ်းဆီးနေပေမယ့် ဒေသတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မိုးလုံလေလုံ လောင်းကစားဝိုင်းတွေကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

