နိုင်ငံရေး သဘောထားကွဲလွဲမှုကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့ ဦးမင်းအောင်လှိုင် ပြော

နေပြည်တော်၊ ဇူလိုင် ၂၂

နိုင်ငံဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်သွားကြဖို့ စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ပဲခူးတိုင်းတို့မှ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

ဦးမင်းအောင်လှိုင်က နိုင်ငံရေးအရ ဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းတကျ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့တာကြောင့် နိုင်ငံအတွင်းရှိ အချို့နယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ရရှိဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုကို လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနေကြတာဟာ ဖြေရှင်းနည်းအစစ်အမှန်မဟုတ်ဘဲ သူတို့ကျင်လည်ရာ ဒေသနဲ့ဒေသခံတို့ရဲ့ အကျိုးစီးပွားကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က အပြစ်ပြန်ဖို့တာပါ။

တကယ်လက်တွေ့မှာတော့ မဲစာရင်း မှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံ့တော် အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ စစ်အုပ်စုဟာ လူထုတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရွေးကောက် အစိုးရလို့ ခံယူထားတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေး သဘောထားကွဲလွဲမှုကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့ ပြောဆိုနေတဲ့ ဦးမင်းအောင်လှိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို မနေ့ ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲနဲ့ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.