နေပြည်တော် ၊ ဇူလိုင် ၂၃

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအတွက် စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင် ၂၀ နဲ့ ၂၁ ရက်တို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး နှစ်ဘက်အဖွဲ့က ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု အရှိန်အဟုန်ကို မြှင့်တင်နေတယ်လို့ ဆိုပါတယ်။

ဒီအပေါ် ပိုမိုထိရောက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချမှတ်နိုင်ရေးနဲ့ ရရှိပြီးသားဆွေးနွေးမှုရလဒ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းရရှိတဲ့ အချက်တွေထဲမှာ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူတွေ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်လာစေရေးနဲ့ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် EAO တွေ အခြေပြုရာဒေသတွေမှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်စပ်အကောင်အထည်ဖော်ရေးတို့လည်း ပါဝင်ပါတယ်။

တိုင်း ဒါမဟုတ် ပြည်နယ်တွေမှာ ပြည်သူလူထုအခြေပြု ဆွေးနွေးပွဲတွေ ဖိုရမ်တွေကို ကျင်းပတဲ့အခါ သက်ဆိုင်ရာ NCA ထိုးထားတဲ့ EAOs တွေက ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း/ ပြည်ပ နည်းပညာအကူအညီတွေ ရယူရေး၊ အလွတ်သဘောတွေ့ဆုံမှုတွေနဲ့ Bilateral တွေ့ဆုံမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့အနေနဲ့ ရရှိထားတဲ့ သ‌ဘောထားစုစည်းချက်တွေကို အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး လမ်းညွှန်ချက်တွေကို ရယူသွားမှာဖြစ်သလို ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုလည်း ဆက်လုပ်သွားမယ်လို့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ‌ပြောပါတယ်။

တစ်ဘက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် အပစ်ရပ်ထိုး မဟာမိတ် ၇ ဖွဲ့အနေနဲ့ စု‌ပေါင်းဖော်ဆောင်နေတဲ့ အခင်းအကျင်းနဲ့ အခြား EAO အဖွဲ့တွေရဲ့ တစ်ဖွဲ့ချင်းစီက ဖော်ဆောင်နေတဲ့ အခင်းအကျင်းတို့ကြား သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းထိန်းညှိနေတယ်လို့ အသိပေးထားတာပါ။

NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာဆွေးနွေးချက်တွေကနေ NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးရေးနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် NCA မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NCA ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းကနေ ကင်းကွာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကိုလည်း သူက ဆွေးနွေးခဲ့တာပါ။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက KNU နဲ့ CNF အပါအဝင် ABSDF တို့ဟာ NCA ကို ကျောခိုင်းကာ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ဒီကနေ့အထိ ပါဝင်နေကြတာပါ။

ဒါ့အပြင် KNU နဲ့ CNF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် အခြားမဟာမိတ် တိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ ပါဝင်နေပါတယ်။

ဒီအခြေအနေမှာ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ တွေ့ဆုံဆွေးနွေးထားနိုင်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.