ဘန်ကောက်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံ အလံလွှင့်ထူထားတဲ့ သင်္ဘော တစ်စီး ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းချိန် အီရန် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်လာနေတာကြောင့် ကမ္ဘာပေါ်မှာ အသွားအလာ အများဆုံး စွမ်းအင် လမ်းကြောင်းတွေထဲက တစ်ခုမှာ စီးပွားဖြစ် ပြေးဆွဲတဲ့ သင်္ဘောတွေ အန္တရာယ်ပိုများလာပါတယ်။

အီရန် အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်တဲ့ Tasnim သတင်းဌာနက အဲဒီ တိုက်ခိုက်မှု အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပေမယ့် သင်္ဘောပိုင်ရှင် ဘယ်သူ ဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံက သင်္ဘော ဖြစ်ကြောင်း ဘယ်ကို သွားမယ့် သင်္ဘော ဖြစ်ကြောင်း သင်္ဘောပေါ်မှာ ဘယ်နိုင်ငံသားတွေ လိုက်လာကြောင်း ဖော်ပြမထားပါဘူး။

ထိုင်းအာဏာပိုင်တွေ၊ အမှီအခိုကင်းတဲ့ ရေကြောင်း အဖွဲ့အစည်းတွေနဲ့ သင်္ဘော ကုမ္ပဏီတို့က အတည်မပြုရသေးပါဘူး။

အဲဒီ သင်္ဘော ပျက်စီးသွားသလား ဒါမှမဟုတ် သင်္ဘောသားတွေ ထိခိုက်ခဲ့သလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သင်္ဘော ကုမ္ပဏီတွေအနေနဲ့ အီရန် လက်နက်ကိုင် စစ်တပ် ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေအတိုင်း လိုက်နာရမှာ ဖြစ်ကြောင်း အီရန်က သတိပေးထားပြီး ဟောမု့ဇ် ရေလက်ကြားနဲ့ အနီးတဝိုက်မှာ စစ်ရေး တင်မာမှုတွေ ပိုများလာချိန်မှာ အခုလို သင်္ဘော တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရေလက်ကြားတောင်ဖက်ပိုင်းရှိ ဗုံးတွေ ထောင်ထားတဲ့ နေရာအဖြစ် အီရန် မီဒီယာက ဖော်ပြထားတဲ့ ဒေသ တစ်ခုကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ ရေနံတင် သင်္ဘော နှစ်စီး ပေါက်ကွဲ မီးလောင်သွားကြောင်းလည်း Tasnim သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ရေတပ်ကို ကိုးကားပြီး အဲဒီသတင်းက ဖော်ပြရာမှ ရေလက်ကြားဟာ အလွန် အန္တရာယ်များလာကြောင်းနဲ့ အမေရိကန်ရဲ့ ရန်စမှုကြောင့် လုံးဝ ပိတ်ထားကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် စစ်တပ်ရဲ့ အကူအညီနဲ့ အဲဒီ ရေလက်ကြားက ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ ရေနံတင် သင်္ဘော ၄ စီးကို ကြားဖြတ် တားဆီးခဲ့တယ်လို့လည်း အီရန် စစ်တပ်က ပြောပါတယ်။

ဒုံးကျည်နဲ့ ဒရုန်း စစ်ဆင်ရေးအတွင်း လက်ရှိ ရောက်ရှိနေတဲ့ နေရာမှာပဲ ဆက်နေနေကြဖို့ အဲဒီ သင်္ဘောတွေကို ညွှန်ကြားထားကြောင်း အီရန် စစ်တပ်က ပြောပါတယ်။

သင်္ဘောပိုင်ရှင်တွေအနေနဲ့ အမေရိကန် စစ်တပ်ရဲ့ အကာအကွယ်ကို အားမကိုးဘဲ အီရန် စစ်တပ်ရဲ့ အသိပေးချက်တွေကို လေ့လာကြဖို့ အီရန် စစ်တပ်က သတိပေးထားပါတယ်။

သူတို့ တားဆီးခဲ့တယ်ဆိုတဲ့ သင်္ဘော ၄ စီး ဘယ်နိုင်ငံက ဖြစ်တယ်၊ သူတို့ရဲ့ တည်နေရာတွေ၊ မှတ်တင်ထားမှု အသေးစိတ် အချက်တွေနဲ့ အခြေအနေတွေကို ဖော်ပြမထားပါဘူး။

အဲဒီ သင်္ဘောလမ်းကြောင်း ရေရှည် အနှောင့်အယှက် ဖြစ်နေရင် ကုန်သယ်ယူ စရိတ်တွေ၊ အာမခံ ကုန်ကျစရိတ်တွေ၊ စွမ်းအင် ထောက်ပံ့မှုနဲ့ ကမ္ဘာ့ကုန်စည် ဈေးနှုန်းတွေအပေါ် ရိုက်ခတ်မှု ရှိနိုင်ပါတယ်။

ရေပြင် အခြေအနေ တင်းမာနေမှုကြောင့် အမေရိကန်က အီရန်ကို သတ္တမမြောက်ည ဆက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန် ဗဟိုကွပ်ကွဲရေး စင်တာက အီရန်ကို ဇူလိုင် ၁၇ ရက် ည ၇ နာရီမှာ နောက်ဆုံး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လူမှုမီဒီယာမှာ ဖော်ပြထား ပါတယ်။

နောက်ဆုံး တိုက်ခိုက်မှုတွေက အီရန်ရဲ့ စစ်ရေး စွမ်းရည်တွေ အဆင့် လျော့ကျသွားစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း ပစ်မှတ်တွေနဲ့ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဖော်ပြမထားပါဘူး။

ဒါပေမဲ့ သတင်းဓာတ်ပုံတွေမှာတော့ အီရန်ရှိ တံတားတွေ ကျိုးပျက်နေတာ အဆောက်အဦတွေ ပြိုလဲကျနေတာတွေ မြင်တွေ့ရပါတယ်။

အမေရိကန်က အီရန်ရဲ့ ဓာတ်အားပေးစနစ်တွေကို တိုက်ခိုက်လာမယ်ဆိုရင် ပင်လယ်နီ ထွက်ပေါက်ကို ပိတ်ထားဖို့ ယီမင်ရှိ ဟူသီအဖွဲ့တွေ အီရန်က တိုက်တွန်းထားပါတယ်။

Ref:The NationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.