မြဝတီ ဇူလိုင် ၁၈
KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်က တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း တစ်ကြောင်းလုံး ပျက်စီးသွားခဲ့ပြီး တပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဖမ်းဆီးသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့အနောက်ဘက်တောင်ကြောရှိ တော်လှန်ရေးအင်အားစုအဖွဲ့တွေ စိုးမိုးထားတဲ့ ရဲကုန်းစခန်းကို ဇူလိုင် ၁၃ ရက်နေ့ညက စစ်ကော်မရှင်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်သိမ်းပိုက်ထားတဲ့ အဲဒီ ရဲကုန်းစခန်းနေရာကို ဇူလိုင် ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုတွေက ပြန်လည်ဝိုင်းရံပြီး တိုက်ခိုက်နေတာပါ။
ဇူလိုင် ၁၆ ရက်နေ့က စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုရှိခဲ့တာပါ။ ဒါပေမယ့် စစ်တပ်ရဲ့ စကခ ၁၃ ၊ ခမရ ၅၅၆ တပ်ရင်းလက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းလုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
မြဝတီမြို့တောင်ဘက်က ဖလူး၊ မင်းလက်ပံနယ်မြေစစ်ဆင်ရေးကို စစ်ကော်မရှင်တပ်ရဲ့ ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေ၊ တနင်္သာရီတိုင်း ဘုတ်ပြင်မြို့ အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းတွေနဲ့ BGF ၊ ခွဲထွက် DKBA အဖွဲ့တို့က ထိုးစစ်ဝင်ရောက်လုပ်ဆောင်နေတာပါ။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ တပ်သားတွေကို လက်နက်ခဲယမ်းတွေနဲ့တကွ အရှင်ဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်သားတွေ အများအပြား နေ့စဉ် ထိခိုက်ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးမှု အမြောက်အများရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကျားသစ်နက်စစ်ကြောင်းက ဇူလိုင် ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံရသူတွေ၊ မတရား ဖမ်းဆီးပေါ်တာဆွဲခံရသူတွေကို အသုံးပြုချနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်တပ်ရဲ့ နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အင်အားလျော့ကျစေရေး အပြင်းအထန် တန်ပြန်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ သာလွန်အင်အားအသုံးပြုကာ ဖလူး၊ မင်းလက်ပံဒေသတွေဆီ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး သာလွန်အင်အား သာမက လေကြောင်း၊ အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့အပြင် အရပ်သား လူထုနေအိမ်တွေကိုပါ ပစ်မှတ်ထား ဗုံးကြဲဖျက်ဆီးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာလည်း စစ်တပ်က ဖလူးတောင်ကြောမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီး အပြင်းအထန် ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

