မော်လမြိုင် ဇူလိုင် ၁၈
မွန်ပြည်နယ်ရဲ့ မြို့နယ် အများစုမှာ စက်သုံးဆီဆိုင်တွေမှာ ဇူလိုင်လ တတိယပတ်က စတင်ကာ စက်သုံးဆီ တကျော့ပြန် ပြတ်လပ်မှုတွေနဲ့ ပြန်လည် ကြုံတွေ့ နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ အပါအဝင် ပေါင်၊ သထုံ၊ မုဒုံနဲ့ တခြား မြို့နယ်တွေမှာလည်း စက်သုံးဆီဆိုင် အများစုမှာ အောက်တိန်း အမျိုးအစား (၉၂)နဲ့ (၉၅) ဓာတ်ဆီတွေအပြင် ပရီမီယံ အမျိုးအစား ဒီဇယ်ဆီတွေက အစ ပြတ်လပ်နေတာပါ။
လက်ရှိ စက်သုံးဆီ ဈေးနှုန်း အနည်းငယ် ပြန်လည် ကျဆင်းလာပေမယ့် စက်သုံးဆီဆိုင် အများစုမှာတော့ စက်သုံးဆီ ပြတ်လပ်နေတဲ့အတွက် အရင်လို စုံ၊ မ သတ်မှတ်ချက်အတိုင်း ရောင်းချပေးတာ မရှိဘဲ အရောင်းပိတ်ထားတာ ဖြစ်ပါတယ်။
သထုံမြို့ ဒေသခံ တစ်ဦးကတော့ လက်ရှိ သထုံမြို့မှာ စက်သုံးဆီ မရှိတဲ့အတွက် စက်သုံးဆီဆိုင်တိုင်းနီးပါး ပိတ်ထားကြသလို စက်သုံးဆီ ဝယ်ယူလို့ မရတာကြောင့် အခက်အခဲ အကျပ်အတည်း ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆီတွေက လောလောဆယ်တော့ ကျွန်တော်တို့ သထုံမှာတော့ ဆိုင်တိုင်း နီးပါးတော့ တော်တော်တော့ ပိတ်သွားပြီး၊ ဘယ်လိုမှ ဝယ်လို့ မရတာ၊ မရှိဘူး မရှိဘူး ကြီးဘဲ၊ ဘယ်လိုမှ မရတော့တာ၊ အရောင်းအဝယ် မလုပ်တဲ့ ပုံစံမျိုးလိုပေါ့၊ အခက်အခဲကတော့ လုံးဝ အခက်အခဲပဲ၊ တော်တော်လေးကို ကျွန်တော်တို့မှာ အကျပ်အတည်း ဖြစ်နေတယ်”လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စက်သုံးဆီကို မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီတို့က တင်သွင်း ဖြန့်ဖြူးနေတာပါ။
ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတုန်းကလည်း စက်သုံးဆီ ဈေးနှုန်း ကျဆင်း စေဖို့နဲ့ အလွယ်တကူ ဝယ်ယူနိုင်ဖို့အတွက် ရန်ကုန် သီလဝါ ဆိပ်ကမ်းကနေ ပြန်လည် ဝယ်ယူခွင့်ပြုပေးဖို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးကတော့ လတ်တလော အစီအစဉ် မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။
မုဒုံမြို့ ဒေသခံ တစ်ဦးကလည်း မုဒုံမြို့မှာ စက်သုံးဆီ ဖြန့်ဖြူးတဲ့ ဆိပ်ကမ်း ရှိပေမယ့် မကြာခဏ စက်သုံးဆီ ပြတ်လပ်သလို လက်ရှိ စက်သုံးဆီကို တန်းစီ ဝယ်ယူရတာ မရှိပေမယ့် စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ မရှိနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ မုဒုံမှာဘဲ ဆီဆိပ်ကမ်းကြီး ရှိနေတာဗျာ၊ ဒါပေမယ့် ဆီက မကြာခဏ ဖြစ်နေတော့ ပြီးတော့ ကျွန်တော်တို့ မွန်ပြည်နယ်ဆို တခြား မြို့နယ်တွေတောင်မှ ထည့်လို့ ရသေးတယ်၊ အခု လက်ရှိ ကျွန်တော်တို့မှာ သတင်းကြား တာနဲ့ မနေ့က စပြီး ဆီထည့်လို့ မရတော့ဘူး၊ လက်ရှိကတော့ တန်းစီတာတို့ ဘာတို့တော့ မရှိသေးပါဘူး၊ ဒီအတိုင်းဘဲ ဆိုင်တော့ ဖွင့်ထားတယ်၊ ဆီတော့ မရှိဘူး” လို့ ဆိုပါတယ်။
တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း စစ်အစိုးရဟာ စက်သုံးဆီ ခြိုးခြံ ချွေတာဖို့ ဆိုကာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က စတင်ပြီး မော်တော်ယာဉ် သွားလာမှုမှာ စုံ၊မ စနစ် သတ်မှတ်ခဲ့သလို စက်သုံးဆီကိုလည်း သတ်မှတ် လီတာကိုသာ ရောင်းချခိုင်းခဲ့တာပါ။
ဒေသတွင်းမှာတော့ စက်သုံးဆီ ရှားပါးတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က စတင်ကာ QR Code စနစ်နဲ့ ယာဉ်အုပ်စု၊ စက်စွမ်းအင်အပေါ် မူတည်ပြီး တစ်ပတ် အတွင်း ဝယ်ယူခွင့် ရှိတဲ့ စက်သုံးဆီ ပမာဏကို သတ်မှတ်ကာ စုံ၊ မ သတ်မှတ်ချက်အတိုင်း ဝယ်ယူ နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် စက်သုံးဆီဆိုင်တွေမှာ အချိန်ပိုင်းနဲ့သာ ရောင်းချပေးတာ၊ အချိန်ကြာမြင့်စွာ ညအိပ် တန်းစီ ဝယ်ယူရတာအပြင် လိုသလောက် ဝယ်ယူလို့ မရတဲ့အတွက် လူမှုစီးပွားဘဝတွေ ထိခိုက်မှု ရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတာ၊ မကြာခဏ စက်သုံးဆီ ပြတ်လပ်တာအပြင် တခြား ပြည်နယ်နဲ့ တိုင်းတွေထက် ဈေးနှုန်း ကြီးမြင့်မှုတွေကိုပါ ကြုံနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

