မော်လမြိုင် ၊ ဇူလိုင် ၁၈
အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့ ဦးမင်အောင်လှိုင်ရဲ့ စစ်တပ် အသွင်ပြောင်းအစိုးရဟာ ရက် ၁၀၀ ပြည့်မြောက်ခဲ့ပေမယ့် ဆိတ်သုဉ်းသွားခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုတော့ ပြန်လည်ဖော်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး အသွင်ပြောင်းအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တယ်လို့ သမ္မတရာထူးနဲ့ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ သူက ကြွေးကြော်ခဲ့ပါတယ်။
လက်တွေ့မှာတော့ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုံခြုံမှုတွေ ဆက်ရှိနေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ထိန်းချုပ်ခံနေရဆဲဖြစ်တယ်လို့ အချက်အလက်တွေက ဖော်ပြနေတာပါ။
အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလကနေ လက်ရှိအချိန်အထိ CCTV ကင်မရာတွေ PSMS စနစ်နဲ့ Biometric Data တွေကို ပေါင်းစပ်ပြီး ပြည်သူတွေကို အချိန်ပြည့်စောင့်ကြည့်တာ၊ ပဋိပက္ခဒေသတွေမှာ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာတွေကို စစ်အစိုးရက လုပ်ဆောင်နေတာပါ။
လေ့လာသူတွေကတော့ အာဏာရှင်တစ်ယောက်ရဲ့ လက်အောက်မှာ ဖိနှိပ်ရေးယန္တရားတွေကို တည်ဆောက်နေတာဖြစ်သလို လူ့အခွင့်အရေးနဲ့ ဒီဂျစ်တယ်အခွင့်အရေးတွေမှာ ပိုမို တင်းကျပ်ဖို့ ပြင်ဆင်လာတယ်လို့ ထောက်ပြကြပါတယ်။
လက်ရှိ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေက အာဏာရှင်လက်အောက် တကျော့ပြန် ရောက်သွားတာပဲလို့ မြန်မာအင်တာနက် ပရောဂျက် MIP အဖွဲ့က ဒီဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြုပြင်ပြောင်းလဲမှု အကောင်းဘက်ကို ဦးတည်တဲ့ဟာမျိုး ကျွန်တော်တို့ မတွေ့ရဘူး။ ၂၀၂၁ ထဲက အာဏာရှင်လက်အောက်ထဲကို တကျော့ပြန် ပြန်ရောက်သွားတာပဲ ဖြစ်တယ်။ အဲဒီကနေတဆင့် ပိုပြီးတော့ တင်းကျပ်တဲ့ အခြေအနေကိုပဲ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်တယ်။ ပိုပြီးတင်းကျပ်တဲ့ ကိစ္စမျိုးတွေကို လုပ်ဆောင်လာနိုင်တဲ့ အငွေ့အသက် အရိပ်အယောင်ပဲ ကျွန်တော်တို့က တွေ့နေရတယ်။ သူ့ဟာသူ ရက် ၁၀၀ မကလို့ ဘယ်လောက်ပဲဖြစ်ဖြစ် ဘာမှ ကျွန်တော်တို့အတွက် ထူးခြားတဲ့ အခြေအနေ မရှိပါဘူး ခင်ဗျ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သုံးလအတွင်း နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၁၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP ရဲ့ အချက်အလက်တွေအရ သိရတယ်။
ဒါဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူး ရယူခဲ့တဲ့ အခုနှစ် ဧပြီကနေ ဇွန်အတွင်း ရန်ကုန်တိုင်းကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသခံတွေမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း ၇ ခုနဲ့ စစ်ဘေးရှောင်စခန်း ၅ ခု ပါဝင်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ကြည့်ရင် ထိပ်ပိုင်းရာထူး ရယူထားသူတွေဟာ စစ်အရာရှိဟောင်းတွေနဲ့ လွှမ်းမိုးထားတာ ဖြစ်ပြီး တပ်ချုပ်နေရာမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပြောင်းတာဝန်ပေးအပ်ခဲ့တာပါ။
ဒီအခြေအနေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တားအတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် ကန့်သတ်ခံနေရဆဲဖြစ်သလို ၂၄ နာရီ စောင့်ကြည့်ခံနေရတာပါ။
အသံအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဇွန်လအတွင်း အွန်လိုင်းကနေ မှတ်ချက်ရေးသားတာနဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ ပို့တွေ မျှဝေလို့ ဖမ်းဆီးခံရသူ လေးဦးရှိခဲ့တဲ့အပြင် စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စစ်အစိုးရက ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီအတွင်းမှာလည်း Chin World ၊ KHONUMTHUNG MEDIA GROUP ၊ မျက်မှောက်ခေတ်၊ မြေလတ်အသံ၊ Red News Agency နဲ့ Asia Citizens တို့ရဲ့ လုပ်ငန်းလိုင်စင်တွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်အစိုးရက ပိတ်သိမ်းခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်မှုထမ်းအတွက် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရမှုတွေကြောင့် ငွေကြေးအဆမတန် တောင်းယူမှုတွေလည်း ဆက်ရှိနေသလို လူငယ်တွေကို စစ်မြေပြင်မှာ လူသားဒိုင်းသဖွယ် အသုံးချနေတာလည်း ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ရက် ၁၀၀ အတွင်းမှာ ထင်ရှားတဲ့ အပြောင်းအလဲကို ဦးတည်တဲ့ လုပ်ရပ်တွေ မရှိဘဲ စစ်တပ်ရဲ့ လွှမ်းမိုးမှုက ဆက်လက် အားကောင်းနေဆဲလို့ သုံးသပ်ပါတယ်။
“အခြေအနေတွေက ဆိုးလားတယ်။ ဒါကြောင့် ရက် ၁၀၀ အတွင်းမှာ ထင်ရှားပြောင်းလဲမှုတွေက ဒီစစ်အုပ်စုတွေရဲ့ ရာထူးအမည်တွေ ဖွဲ့စည်းပုံ ပုံစံတွေ ပြောင်းလဲခြင်းသာဖြစ်တယ်။ ကျွန်တော်တို့ အမြဲပြောတယ် စစ်အုပ်စု ဗားရှင်း ၁ ကနေ ဗားရှင်း ၂ ဖြစ်သွားတယ်။ ဆိုတော့ အခုအုပ်ချုပ်နေတဲ့ကာလက စစ်အုပ်စု ဗားရှင်း 2.0 ပေါ့။ လုံခြုံရေးယန္တရားတွေ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ ကဏ္ဍတွေ အားလုံးက စစ်တပ်ရဲ့ လွှမ်းမိုးမှုက အဓိက ဆက်လက်ပြီး အားကောင်းစွာ ဆက်ရှိနေဆဲဖြစ်တယ်။ အကျဉ်းသားတွေ လွှတ်ပြတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတယ်၊ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်တွေ ဖန်တီးပြတယ်ဆိုတာကလည်း နိုင်ငံတကာနဲ့ အာဆီယံမျက်နှာစာတွေမှာ Propaganda လုပ်တာ ကစားခြင်းတာ ဖြစ်ပြီးတော့ ဟုတ်တိပတ်တိ အပြောင်းအလဲကို ဦးတည်စေတဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
အချက်အလက်တွေအရ စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း အကျဉ်းသား ၄၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ် ပေးခဲ့ပေမယ့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၁၀၀ ကျော်သာ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ လောက်သာ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ အာဆီယံက တောင်းဆိုနေတဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရေးကိစ္စတွေကိုတော့ စစ်အစိုးရက အခုထက်ထိ ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။
တစ်ဘက်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့တဲ့အပေါ် မိတ်ဘက်နိုင်ငံတချို့ကလွဲရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုကို စစ်အစိုးရ မရရှိသေးပါဘူး။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ပြည်သူကနေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမို့ လူထုရဲ့ ဆန္ဒကို လေးစားဖို့ တုံ့ပြန်လေ့ရှိပါတယ်။
ဒါဟာ စစ်အစိုးရက နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရဖို့ ပြည်သူတွေကို အသုံးချတာထက် မပိုသလို လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေကလည်း သိသိသာသာ ပြောင်းလဲမသွားခဲ့ဘူးလို့ လေ့လာသူတွေက ထောက်ပြပါတယ်။
တဘက်မှာ အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ကန့်သတ်ပိတ်ပင်မှုနဲ့အတူ ချွတ်ခြုံကျနေတဲ့ လူမှုစီးပွားနဲ့ ပတ်သက်ပြီး ဧပြီ ၂၀ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပြန်လည်ကုစားတဲ့ မူဝါဒတွေ မတွေ့ရပါဘူး။
မွန်ပြည်နယ်ဒေသခံ ပြည်သူတစ်ဦးက အထွေထွေကုန်စည်တွေကို စစ်အစိုးရက တားဆီးကန့်သတ်မှုတွေရှိနေတဲ့အတွက် ရက် ၁၀၀ အတွင်းမှာတင် ကုန်ဈေးနှုန်းကျသွားတာ မရှိဘဲ ပိုတက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီကြားထဲမှာ ရက် ၁၀၀ ထဲမှာပဲ ကုန်ဈေးနှုန်းက တက်သွားတယ်လို့ မြင်တယ်။ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ဆိုတာ တခြားအခြေအနေ အကြောင်းအရာတွေက အများကြီးပေါ့။ အခုဆိုလည်း နိုင်ငံတကာအခင်းအကျင်းက ဓာတ်ဆီဒီဇယ်နဲ့ ပတ်သက်တဲ့ ကုန်သွယ်ရေးမှာ အဓိက အသုံးပြုတဲ့ ကုန်သယ်ယာဉ် မော်တော်ယာဉ်စရိတ်တွေ ကြီးမြင့်လာတာလို့ နောက် လမ်းတလျှောက် တားဆီးကုန်စည် ကန့်သတ်ကုန်စည်တွေ အများကြီးကို ကြပ်လာတော့ ဒီဘက်မှာ ကုန်ဈေးနှုန်းကလည်း တက်လာတာပေါ့။ ရက် ၁၀၀ အတွင်း ကုန်ဈေးနှုန်းကျသွားတာ ကျွန်တော်တို့ မတွေ့ဘူး၊ ကုန်ဈေးနှုန်း ပိုတက်လာတာပဲ မြင်တယ်”လို့ ဆိုပါတယ်။
ဇူလိုင် ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးရေးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုဟာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းလို့ ဝန်ခံထားတာပါ။
Economist Intelligence Unit (EIU) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်အထိ COVID-19 ကပ်ရောဂါနဲ့ အာဏာမသိမ်းမီက အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ရုန်းကန်နေရဦးမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က အသိပေးခဲ့ပါတယ်။
တဖက်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ၃ ဒသမ ၈ သန်းနီးပါရှိပြီး အများစုဟာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

