ဘေဂျင်း၊ ဇူလိုင် ၁၇

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းမြို့မှာ ဇူလိုင် ၁၇ ရက်က မြေပြိုမှုကြောင့် တောင်ကုန်း အောက်ဖက်ရှိ အဆောက်အဦ တော်တော်များများ ပြိုကျသွားပြီး ဒေသခံတွေ နစ်မြုပ်သွားခဲ့ကြောင်း တရုတ်နိုင်ငံ မီဒီယာက ဖော်ပြပါတယ်။

ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ကျောက်ခဲတွေ ပြုတ်ကျလာတာကို ပန်းရှီု ဒေသ အလုပ်သမား တစ်ဦးက တွေ့ရှိခဲ့တာကြောင့် ကနဦး စုံစမ်း စစ်ဆေးမှုအရ သိရပြီး အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြထားပါတယ်။

ဒေသခံ ၆၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပေမယ့် ဘေးကင်းရာ ပြောင်းရွှေ့နေချိန် မနက် ၉ နာရီ ၈ မိနစ်မှာ မြေပြိုတာကြောင့် ဒေသခံ တချို့ နစ်မြုပ်သွားခဲ့ကြောင်း သိရပါတယ်။

ပိတ်မိနေသူ အရေအတွက် အတိအကျကို အတည်ပြုဖို့ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်းနဲ့ မြေပြိုရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

မြစ်ကမ်းဘေးရှိ အဆောက်အဦ တစ်ခု ပြိုကျသွားပြီး ဖုန်တွေ လွင့်လာချိန် ဒေသခံတွေ ထွက်ပြေးနေကြတာကို သတင်း ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

တောင်ကုန်းရဲ့ တစ်ခြမ်းဟာ အောက်ဖက်ရှိ လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်း အဆောက်အဦတွေ အပေါ်ကို ပြိုကျခဲ့တာ ဖြစ်ပါတယ်။

တရုတ် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက အဆင့်-၂ အဆင့် တုံ့ပြန်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးသမား ၁၀၀ ကျော်ကို မြေပြိုမှု ဖြစ်ပွားရာနေရာသို့ စေလွှတ်ပေးခဲ့ကြောင်းလည်း အဲဒီ ဝန်ကြီးဌာနက ပြောပါတယ်။

ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီပေးရေး တရုတ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနရဲ့ အမှုထမ်း ၂၀၆ ဦးနဲ့ ယာဉ် ၄၉ စီး စေလွှတ်ပေးခဲ့ကြောင်း အရေးပေါ် အခြေအနေစီမံခန့်ခွဲရေးဌာနက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.