ကျိုက်ထို၊ ဇူလိုင် ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာနဲ့စပ္ပနူးကျေးရွာလမ်းပိုင်းမှာ ဇူလိုင် ၁၅ ရက်နေ့က လူငယ် လေးဦး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်ရှိတဲ့ ကျောက်ရေကန်ကျေးရွာနဲ့စပ္ပနူးကျေးရွာက ဒေသခံ လူငယ်တွေ ဖြစ်ပြီး အလုပ်ကနေ ပြန်လာစဉ် စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ အလုပ်ကနေ ပြန်လာတဲ့ လူငယ် လေးဦးကို ဖမ်းဆီးပြီးနောက် ကားပေါ် ချက်ချင်း တင်ဆောင်သွားပြီး ဆိုင်ကယ်တွေကိုတော့ လမ်းမှာပဲ ထားရှိသွားတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို ကျိုက်ထိုမြို့မရဲစခန်းအရှေ့ ဓမ္မာရုံမှာ ဖမ်းဆီးထားပြီး မိသားစုဘက်က လိုက်ရွေးပေမယ့် စစ်မှုထမ်း ဖမ်းဆီးထားတာကြောင့် ပြန်မလွှတ်ပေးနိုင်ဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့မရဲစခန်းအရှေ့ ဓမ္မာရုံမှာ အခုလအတွင်း စစ်မှုထမ်းအတွက် အာဏာသိမ်း စစ်တပ် ဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦးထက်မနည်း ရှိနေပြီး အဲဒီလူငယ်တွေကို လာမယ့်အပတ်အတွင်း မော်လမြိုင်မြို့ရှိ စစ်သားစုဆောင်းရေးတပ်ထံ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကစလို့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ဒေသတွင်းရှိ လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီးနောက် စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ ဒေသတွင်းရှိ လူငယ် ၅၄၀၀ ထက်မနည်း စစ်သားစုဆောင်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

