အကြမ်းဖက်မှုတွေ မရပ်မချင်း စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ KPSN ပြော

ဘားအံ၊ ဇူလိုင် ၁၇

အရပ်သားတွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နေကြောင်း လက်တွေ့ပြသနိုင်တဲ့ သက်သေအထောက်အထား မရှိသရွေ့ အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN တိုက်တွန်းလိုက်ပါတယ်။

၅ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်ဆီကနေ ကတိကဝတ်တွေကို အာဆီယံက ထပ်တလဲလဲကြားခဲ့ရပေမယ့် အရပ်သားပြည်သူလူထုတွေမှာမူ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးကျည်ကျရောက်မှုတွေ၊ မတရားဖမ်းဆီးခံရမှုတွေနဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်တယ်လို့ KPSN က ဆိုပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ ပြောစကားတွေအပေါ် ဆုံးဖြတ်ခြင်းမပြုဘဲ သူတို့ရဲ့ လက်တွေ့လုပ်ရပ်တွေအပေါ်မှာသာ စောင့်ကြည့်အကဲဖြတ်သင့်တယ်လို့ KPSN က တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ ဦးစားပေးဟာ ပြည်သူလူထု ဘေးကင်းလုံခြုံရေးမဟုတ်ဘဲ သူတို့ရဲ့ အာဏာ၊ စည်းစိမ်နဲ့ လောဘကို ထိန်းသိမ်းဖို့သာဖြစ်တာကြောင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုတွေကို အစဉ်တစိုက်လျစ်လျူရှုခဲ့တာဖြစ်ပြီး အာဆီယံအနေနဲ့ အနှစ်သာရမရှိတဲ့ ကတိကဝတ်အတုတွေနဲ့ လှည့်ဖြားခြင်းမခံရသင့်ကြောင်း KPSN က အသိပေးပါတယ်။

အဲဒီအစား စစ်အုပ်စုကို ပထမဆုံးအဆင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နေခြင်း ရှိ၊ မရှိအပေါ်မှာသာ အာရုံစိုက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ တိုက်ခိုက်မှုတိုင်းဟာ ယုံကြည်မှုကို ပိုမိုပျက်ပြားစေပြီး စစ်အုပ်စုရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအပေါ် သန္နိဌာန်မရှိမှုကို သက်သေပြနေတယ်လို့ KPSN က နောဝါးခူရှီးက ပြောကြားချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသရွေ့ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိနိုင်ဘဲ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ ရှိနေသရွေ့ အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုဟာ နှုတ်ကတိတွေအပေါ်မဟုတ်ဘဲ စည်းစနစ်ကျကာ စံနှုန်းသတ်မှတ်ချက်တွေရှိပြီး တိုင်းတာနိုင်တဲ့ လက်တွေ့လုပ်ရပ်တွေအပေါ်မှာသာ အခြေခံရမှာဖြစ်သလို ပထမဆုံးသော သတ်မှတ်ချက်မှာ ရှင်းလင်းရမှာဖြစ်ကာ အရပ်သားတွေအပေါ် တိုက်ခိုက်နေမှုတွေကို ချက်ချင်းနဲ့ လက်တွေ့စိစစ်နိုင်တဲ့ အနေအထားနဲ့ အဆုံးသတ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကတိကဝတ်တွေကို လက်တွေ့မပြသနိုင်သရွေ့ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး၊ အနှစ်သာရရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.