ဝေါ ၊ ဇူလိုင် ၁၇
ပဲခူးတိုင်း ဝေါမြို့ရှိ ညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေးစခန်းမှာ မတရား သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ အကောက်ခွန်ဦးစီးဌာနက ကြေညာပါတယ်။
အကောက်ခွန်ဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ Used Phone တွေ၊ Used Copien ယာဉ်တွေ၊ စက်အပို ပစ္စည်းတွေ၊ ကားတာယာတွေ၊ Battery တွေ၊ လူသုံးကုန်နဲ့ စားသောက်ကုန် ပစ္စည်းတွေကို ရောင်းချသွားမယ်လို့ အသိပေးထားပါတယ်။
တရားဝင် ကုန်ပစ္စည်း အကြောင်းပြချက်နဲ့ သိမ်းဆည်းထားတဲ့ ကုန်တွေကို ဝယ်ယူလိုပါက လေလံ စည်းကမ်းချက်တွေနဲ့ လေလံ ပစ္စည်းစာရင်း ပူးတွဲပါ လေလံ ပုံစံ တစ်စုံကို ကျပ်တစ်သောင်းနဲ့ ဇူလိုင် ၁၃ ရက်နေ့ကနေ ဇူလိုင် ၁၆ ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကိုတော့ ဇူလိုင် ၁၇ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကစလို့ ညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေးစခန်းမှာ ဈေးပြိုင် စနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အများပြည်သူတွေ ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ကုန်သည်တစ်ဦးကတော့ ဒီကုန်ပစ္စည်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ ကုန်သည်တွေနဲ့ ငွေကြေးတက်နိုင်တဲ့ ကုန်သည်ကြီးတွေသာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
သိမ်းဆည်းခံရတဲ့ ကုန်ပစ္စည်းတွေဟာ အာဏာသိမ်း စစ်တပ်ဘက်က လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ် ထားတဲ့ ဂိတ်အဆင့်ဆင့်ကို ငွေကြေး သိန်းထောင်ချီ ပေးပြီး သယ်ဆောင်ခဲ့ရတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ တင်သွင်းတဲ့ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း အများစုကို အဓိက အာားထားနေရတာ ဖြစ်ပေမယ့် အဲဒီကုန်တွေကို တရားမဝင် ကုန်ပစ္စည်းဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေဟာ ပစ္စည်းပြတ်လပ်နဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

