ရေဖြူ၊ ဇူလိုင် ၁၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားဇုန်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးဒုက္ခတွေအဖြစ် ထပ်မံကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ ကျေးရွာတွေကို စစ်တပ်က အင်အား ၇၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ တစ်ပတ်ကျော်လာပြီးဖြစ်တာကြောင့် စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ ရငဲကျေးရွာနဲ့ ဧကနိကျေးရွာတွေမှာ ရေကြီးမှုဖြစ်ပေါ်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ ရေဘေးအန္တရာယ်ကိုပါ ထပ်မံ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းဟာ ထားဝယ်စီးပွားရေးဇုန်ထဲရှိ ဝဇွမ်းတောကျေးရွာအနီးမှာ ဆက်ရှိနေတာကြောင့် ကျေးရွာအများအပြားက ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေရပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ ဧကနိ၊ ကုန်းသာယာအင်း၊ ခမောက်ချောင်း၊ ဝက်ချောင်း၊ ဝဇွမ်းတော၊ ရငဲ၊ ဘူတောင်နဲ့ ဝါးချောင်းတော စတဲ့ ကျေးရွာ ၈ ရွာကျော်က ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.