မော်လမြိုင် ၊ ဇူလိုင် ၁၇
စစ်တပ်လွှမ်းမိုးမှု ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့ အာဏာရှင်စနစ်နဲ့ အရင်းခံ နိုင်ငံရေးအကျပ်အတည်းတွေကို ချန်ထားပြီး အကြမ်းဖက်မှုကို လျော့ချရုံသက်သက်သာ ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ SCEF က ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က အာဆီယံအလှည့်ကျ ဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် သတင်းထုတ်ပြန်လာတာပါ။
အဲဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီပြည် နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေက စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံကို တွေ့ဆုံခဲ့တာမဟုတ်ဘဲ သီးသန့်သာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော် ကြိုးပမ်းမှုတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ဖို့ ရည်ရွယ်ပြီး တွေ့ဆုံတာလို့ SCEF က ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုတွေဟာ SCEF နဲ့ စစ်အာဏာရှင်တွေအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းလို့ အဓိပ္ပါယ် မကောက်ယူသင့်ဘဲ ဆွေးနွေးပွဲအတွင်း SCEF ကိုယ်စားလှယ်တွေက အဓိကရပ်တည်ချက်တွေကို အတည်ပြုခဲ့ကြတာပါ။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမှာဖြစ်ပြီး ဒီအတွက် ခိုင်မာတဲ့ အစီအစဉ်တွေနဲ့ စတင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
SCEF ခေါင်းဆောင်တွေက အာဆီယံရဲ့ မြေပြင်မှာ မြင်သာထင်ရှားတဲ့ လက်တွေ့ တိုးတက်မှု မရှိသေးဆိုတဲ့ အကဲဖြတ်ချက်ကို သိရှိရပြီး မြန်မာနိုင်ငံဟာ တရားဝင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေ စတင်နိုင်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။
“တွေ့ဆုံဆွေးနွေးရေးလို့သာ ပြောတာ စစ်အုပ်စုက သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကို ခေါ်တာမဟုတ်ဘူး။ ခွဲပြီးကမ်းလှမ်းတာ။ ဆိုတော့ ဒီလိုအခင်းအကျင်းမှာဆိုရင် အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာနိုင်မှာမဟုတ်ဘူး။ စစ်အုပ်စုဖက်မှာ ဆန္ဒတွေက ရှိမနေတာ။ တိုင်းပြည်ရဲ့ပြဿနာကို တကယ်ဖြေရှင်းလိုတဲ့ စိတ်မရှိဘူး၊ အစီအစဉ်မရှိဘူး။ ဒါတောင် ဒီပြဿနာတွေက သူတို့က စခဲ့တဲ့ပြဿနာတွေ။ တွေ့ဆုံဆွေးနွေးဖို့ သူတို့ပြောနေတာတွေက စစ်အာဏာရှင်စနစ်သက်တမ်းကို ဆွဲဆန့်ဖို့ပဲလို့ မြင်ပါတယ်”လို့ SCEF ရဲ့ နိုင်ငံခြားရေးရာလုပ်ငန်းအဖွဲ့ ကောင်စီဝင် နဲနယ်ပလိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အုပ်စုက တွေ့ဆုံဆွေးနွေးဖို့ ပြောပေမယ့် တစ်ဖက်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို လူငယ်တွေကို သေတွင်းပို့နေတဲ့ စစ်မှုထမ်းဥပဒေကိုလည်း အကောင်အထည်ဖော်နေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာကက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အဟန့်အဟားမရှိ လိုအပ်တဲ့နေရာတွေမှာ ပေးခွင့်ရဖို စတာတွေကို စစ်အုပ်စုက လိုက်လျောခြင်း မရှိခဲ့ပါဘူး။
SCEF အနေနဲ့ ရည်မှန်းချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုသက်သက်ကို အယုံအကြည်မရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဟာ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်တွေက အခုချိန်ထိ နိုင်ငံရေး စိတ်ဆန္ဒပြသတဲ့ သက်သေမရှိသလို နိုင်ငံရေးစိတ်ဆန္ဒဟာ လက်တွေ့လုပ်ဆောင်ချက်တွေ ပြသရမှာဖြစ်ပြီး ဒီအတွက် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ထောက်ပြထားတာပါ။
တစ်ဘက်မှာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့် မရှိတော့ဘဲ တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံနဲ့ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်နေကြတယ်လို့ SCEF က ဆိုပါတယ်။
အဲဒီ ပကတိအရှိတရားတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအနေနဲ့ ပြောင်းလဲသွားပြီဖြစ်သလို အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းမှုဟာ လက်ရှိကွဲပြားနေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပိုမို ဆိုးဝါးစေမှာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ ၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ အာဏာသိမ်း စစ်တပ်ကို ကျားကန်ပေးမှုတွေကြောင့် ပြိုလဲမှုတွေကနေ တဖန် နာလန်ထူလာနိုင်တဲ့ အနေအထားလို့ သုံးသပ်ကြပါတယ်။
လက်ရှိမှာ စစ်တပ်က နိုင်ငံ့ဘဏ္ဍာနဲ့ တပ်အင်အားကို အကန့်အသတ်မရှိ သုံးနိုင်တဲ့အတွက် ပြန်လည် အားသာနေသလို နိုင်ငံရေးမှာလည်း ဒေသတွင်းနဲ့ အင်အားကြီးနိုင်ငံတွေက အကူအညီပေးနေတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်တပ်ကတော့ နိုင်ငံ့ဘဏ္ဍာကို သူတို့ စစ်အသုံးစရိတ်အဖြစ် စိတ်ကြိုက်သုံးနိုင်တယ်။ ပြီးရင် တော်လှန်ရေးတပ်တွေမှာကျတော့ ဘဏ္ဍာရေးက ရှာရဖွေရတာပေါ့။ ပြည်သူတွေဆီကတဆင့် အားကိုးနေရတာဖြစ်တဲ့အတွက် ကန့်သတ်မှုတွေ ရှိတယ်။ စစ်တပ်မှာတော့ ဘဏ္ဍာရေးနဲ့ ပတ်သက်ရင် Unlimited ပြီးရင် အင်အားနဲ့ ပတ်သက်လာရင်လည်း Unlimited ပဲ။ဘာဖြစ်လို့လဲဆို သူတို့ဆီမှာ တစ်လ ၅၀၀၀ ရနေတာဖြစ်တဲ့အတွက် အင်အားကိုလည်း သူတို့ ပူစရာမလိုဘူး၊ ခဲယမ်းလည်း ပူစရာ မလိုဘူး။ ပိုက်ဆံလည်း ပူစရာမလိုတဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ ပြီးရင် အခုသံတမန်ဆက်ဆံရေး ပြောရရင် နိုင်ငံရေးအနေအထားမှာ ဒေသတွင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေအပေါ် သူတို့စစ်တပ်ကို ကူညီနိုင်အောင် စစ်တပ်က သံခင်းတမန်ခင်းအား ကောင်းနေတဲ့အနေအထားတွေ မြင်ရပါတယ်ဗျ ”လို့ ဆိုပါတယ်။
SCEF ကတော့ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အထောက်အကူပြုဖို့နဲ့ ငြိမ်းချမ်းရေးကို ကူညီဖို့ အရေးပါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးရဲ့ ဦးတည်ရာ အရှိန် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နိုင်ငံရေး ရလဒ်တွေကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ အသိပေးထားတာပါ။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဦးဆောင်တဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ်အဖြစ် ပေါ်ထွက်လာရမှာဖြစ်ပြီး နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုနဲ့ ရရှိစေရေး SCEF က ဆက်လက် ကတိကဝတ် ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေးဟာ SCEF ရဲ့ ရည်မှန်းချက်လို့ အသိပေးထားတာပါ။
အဲဒီလို နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို ပြင်ဆင် တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး stakeholder တွေနဲ့အတူ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တစ်ဘက်မှာတော့ SCEF အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့ Video Conference နဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံမှုအတွင်း SCEF ၊ NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်တာက မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမို နားလည်နိုင်စေရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုမယ်လို့ ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

