တီဟီရန် ဇူလိုင် ၁၃

အီရန်က ပင်လယ်ကွေ့ဒေသအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဇူလိုင် ၁၃ ရက်မှာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို၊ အမေရိကန်ဘက်ကလည်း အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းနဲ့ ရေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပစ်ခတ်ခဲ့ပြီး၊ အိုမန်နိုင်ငံက ရေဒါစနစ်တွေကို ဖျက်ဆီးနိုင်ခဲ့သလို ဂျော်ဒန်နိုင်ငံက ပရင့်ဟက်ဆန် လေတပ်စခန်းမှာရှိတဲ့ လောင်စာဆီ သိုလှောင်ကန်တွေနဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတွေကိုလည်း ထိခိုက်စေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်က အီရန်နိုင်ငံအတွင်း စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တာဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်စစ်တပ်က အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေ၊ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေ၊ မြန်နှုန်းမြင့် ရေယာဉ်ငယ်တွေကို လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒီလို အပြန်အလှန်တိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အီရန်ကြား ရရှိထားတဲ့ ယာယီသဘောတူညီချက်က အလုပ်မဖြစ်တော့တဲ့ အခြေအနေကို ရောက်လာပြီလို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသဘောတူညီချက်အရ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပြီး ရက် ၆၀ အတွင်း ဆက်လက်ညှိနှိုင်းဖို့ သဘောတူထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Reuters နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ သူတို့ကို အပြင်းအထန် တိုက်ခိုက်နေပါတယ်” လို့ ပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေးက ပြီးဆုံးသွားပြီလို့ ယူဆကြောင်း ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းဖို့ လမ်းကြောင်းတော့ ဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်ဘက်က အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကာလီဘာဖ်ကလည်း “တစ်ဖက်သတ် သဘောတူညီချက်တွေရဲ့ ခေတ်က ပြီးသွားပြီ။ ကတိမတည်ရင် အကျိုးဆက်ကို ခံစားရမယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒီစစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး၊ အီရန်ကလည်း နိုင်ငံအများအပြားမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ ဖြစ်ပါတယ်။

ဒီတင်းမာမှုတွေကြောင့် Brent ရေနံစိမ်းဈေးနှုန်းဟာ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ လောင်စာဆီဈေးတက်လာတာက ကမ္ဘာတစ်ဝန်း ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်တွေကိုလည်း ထပ်ပြီး မြင့်တက်စေခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.