ဒါကာ ဇူလိုင် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် နိုင်ငံအနှံ့ လျှပ်တပြက် ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ လူ ၅၁ ဦး သေဆုံးထားသလို လူပေါင်း ၁ သန်းကျော်လည်း အကျိုးသက်ရောက်မှု ခံနေရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့တော် ဒါကာအပါအဝင် ဒေသအများအပြားမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာလည်း နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

သေဆုံးသူ ၅၁ ဦးထဲက ၂၈ ဦးဟာ ကော့ဇ်ဘဇားခရိုင်မှာ ဖြစ်ပြီး၊ အဲဒီဒေသဟာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရိုဟင်ဂျာဒုက္ခသည်စခန်း တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ကော့ဇ်ဘဇားခရိုင်က စာသင်ကျောင်းတစ်ကျောင်းမှာ ရေကြီးရေလျှံမှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြေနိမ့်ပိုင်းနိုင်ငံဖြစ်ပြီး မြစ်ချောင်းတွေ များပြားတာကြောင့် နှစ်စဉ် မုတ်သုံရာသီရောက်တိုင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုတွေဟာ အရင်ကထက် ပိုမိုပြင်းထန်လာသလို အကြိမ်ရေလည်း ပိုများလာတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒီတစ်ကြိမ် မိုးသည်းထန်မှုဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာတာနဲ့အမျှ အာဏာပိုင်တွေက ရေကြီးမှုနဲ့ မြေပြိုနိုင်တဲ့ အန္တရာယ်ကို သတိပေးခဲ့ပါတယ်။ အန္တရာယ်များတဲ့ နေရာတွေမှာ နေထိုင်တဲ့ မိသားစုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သလို ကျောင်းစာမေးပွဲအချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ နေအိမ်စွန့်ခွာလာရတဲ့ လူထောင်ပေါင်းများစွာဟာ အစိုးရဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

မြို့တော် ဒါကာမှာလည်း လမ်းအများအပြား ရေနစ်မြုပ်နေပြီး၊ နေရာတချို့မှာ ဒူးခေါင်းအထိ ရေတက်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ BBC Bangla ဌာနက ဖော်ပြထားပါတယ်။

တချို့ပြည်တွင်းမီဒီယာတွေကတော့ ဒါကာမြို့ရဲ့ ရေမြောင်းစနစ်ကို ပြုပြင်မယ်ဆိုတဲ့ အစိုးရရဲ့ အရင်က ကြိုးပမ်းမှုတွေက ဘယ်လောက်ထိ ထိရောက်ခဲ့သလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

လောလောဆယ် မုတ်သုံမိုးက နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆက်လက်သက်ရောက်နေဆဲဖြစ်တာကြောင့် နေရာ တချို့မှာ ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပွားနိုင်တဲ့ အလားအလာ ရှိနေသေးတယ်လို့လည်း သတိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.