မြဝတီ ဇူလိုင် ၈
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က မင်းလက်ပံနဲ့ ဖလူးဒေသတွေကို သိမ်းပိုက်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က BGF ခွဲထွက် DKBA တို့နဲ့ ဇူလိုင် ၇ ရက်နေ့မှာ မြဝတီမြို့ကနေ လေးကေကော်မြို့သစ်ထဲကို အင်အားအများအပြား ဖြည့်ဆည်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ အာဏာသိမ်း စစ်တပ်က မွန်ပြည်နယ်ကနေ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲကို အင်အားအများအပြား ဖြည့်ဆည်းလာခဲ့ပြီးနောက် ဇူလိုင်လ ပထမအပတ်အတွင်းမှာ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကတဆင့် လေးကေကော်မြို့သစ်ထဲကို လမ်းကြောင်းအသွယ်သွယ်ကနေ အင်အား ၁၀၀၀ ခန့် ပို့ဆောင်နေခဲ့တာဖြစ်ပါတယ်။
စစ်ကြောင်းထိုးမယ့် စစ်တပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ဗိုလ်မုတ်သုန်ဦးစီးတဲ့ ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၄ တပ်နယ်က တပ်ဖွဲ့တွေ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့တွေလည်း ပါဝင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်အနီး ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေကို စစ်တပ်နဲ့ BGF ၊ ခွဲထွက် DKBA တပ်ဖွဲ့တို့က ၃ လအတွင်း အပြီးသိမ်းသွားမယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုထားပါတယ်။
စစ်တပ်က KNU တပ်ဖွဲ့တွေရှိနေတဲ့ မင်းလက်ပံရွာနဲ့ ဖလူးနယ်မြေတွေကို သိမ်းပိုက်ရရှိရေးအတွက် လနဲ့ချီကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေခဲ့တာပါ။
ဒါပေမယ့် အထိအခိုက်များပြားပြီး စစ်ရေးရည်မှန်းချက် အောင်မြင်ပေါက်ရောက်မှုမရှိခဲ့တာကြောင့် BGF နဲ့ ခွဲထွက် DKBA အဖွဲ့ကို အကူအညီတောင်းပြီး ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာတော့ KNU တပ်ဖွဲ့တွေရှိနေတဲ့ မင်းလက်ပံရွာနဲ့ ဖလူးနယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့ပြီး လေကြောင်း ကင်းထောက်လှမ်းမှုတွေအပြင် နှစ်ဖက်တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ ဖလူးဒေသခံတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲ လက်နက်ကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းနယ်မြေခံတာဝန်ရှိသူတွေက နယ်စပ်ဂိတ်တချို့ကို ယာယီပိတ်ထားခဲ့ပြီး နယ်စပ်တစ်လျှောက်ကိုလည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

