နေပြည်တော် ၊ ဇူလိုင် ၈
အာဏာသိမ်း စစ်တပ်ကနေ အရပ်သား အသွင်ပြောင်းအစိုးရရဲ့ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ထိန်းချုပ်ကန့်သတ်တဲ့ နည်းဥပဒေပါ ပုဒ်မ တချို့ ပြင်ဆင်ပြဌာန်းလာပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွေကို စတုတ္တအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေများဆိုပြီး နည်းဥပဒေ ၂၄ နဲ့ နည်းဥပဒေ ၂၅ (စ) တို့ကို အစားထိုးပြင်ဆင်ကာ ကော်မရှင် ဥက္ကဌ ဦးသန်းစိုးရဲ့ လက်မှတ်နဲ့ ဇူလိုင် ၂ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထဲမှာ နည်းဥပဒေပုဒ်မ ၂၄ ကို ပုဒ်မခွဲလေးခု (က) ၊ (ခ) ၊ (ဂ) ၊ (ဃ) တို့နဲ့ ထပ်မံဖြည့်စွက်ပြီး အစားထိုးထားတာ တွေ့ရတယ်။
ပြင်ဆင်လိုက်တဲ့ နည်းဥပဒေပုဒ်မ ၂၄ (က) အရ ပါတီတစ်ခုက အဲဒီပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ အစားထိုးတာ ဒါမှမဟုတ် အသစ်ရေးဆွဲတာနဲ့ နိုင်ငံရေးဝါဒ သဘောတရားကို ပြင်ဆင်ရင် ကော်မရှင်ကို တင်ပြရမှာဖြစ်ပြီး ကော်မရှင်က စိစစ်ခွင့်ပြုပြီးမှသာ ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြပါတယ်။
နည်းဥပဒေပုဒ်မ ၂၄ (ခ) မှာလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ၁၅ ဦးထက်မနည်းတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းကို ကော်မရှင်ကို တင်ပြရမှာဖြစ်ပြီး ၂၄ (ဂ) မှာတော့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်း ပြောင်းလဲလိုရင် ကော်မရှင်ကို ၇ ရက်အတွင်း တင်ပြရမှာပါ။
ဒါ့အပြင် နည်းဥပဒေပုဒ်မ ၂၄ (ဃ) မှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနဲ့ ပြည့်စုံသူတွေကိုသာ ပါတီနာယကနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ရမယ်လို့ ထည့်သွင်းဖော်ပြပါတယ်။
တစ်ဘက်မှာ နည်းဥပဒေပုဒ်မ ၂၅ (စ) အရ အလိုအလျောက် ပယ်ဖျက်ခံရတဲ့ပါတီတစ်ခုခုကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ ကိုယ်စားလှယ်တစ်ဦးဦးရဲ့ ဆက်လက်ရပ်တည်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ကော်မရှင်က ဆုံးဖြတ်သတ်မှတ်ပေးရမယ်လို့ ပြင်ဆင်ပြဌာန်းထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသူတစ်ဦးက ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ရပ်တည်ဖို့ ခက်ခဲအောင် လုပ်တာဖြစ်သလို လွှတ်တော်ရှိရဲ့သားနဲ့ ကော်မရှင်က နည်းဥပဒေကို ပြင်ဆင်ပြဌာန်းတာဟာ စစ်တပ်အသွင်ပြောင်းအစိုးရ အလိုကျ လုပ်နေတာလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီက (အသွင်ပြောင်းစစ်အစိုးရ) ခန့်ထားတဲ့ UEC ဆိုတော့ စစ်ကောင်စီရဲ့ သဘောကျ ရေးဆွဲနေတာလို့ပဲ ကျွန်တော်တို့ မြင်တယ်ဗျ။ ဘာလို့လဲဆိုတော့ နဂိုကတည်းက ရှိပြီးသားဥပဒေတွေကို စစ်ကောင်စီက ပိုပြီးတော့ တင်းကျပ်တယ်။ နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့အတွက် အရမ်းခက်ခဲလာအောင် ပိုပြီး လုပ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဥပဒေတစ်ခု ပြင်မယ်ဆိုရင် နိုင်ငံရေးပါတီတွေကို အသိပေးသင့်တယ်။ လွှတ်တော်ရှိတဲ့အတွက် လွှတ်တော်ကို အသိပေးသင့်တယ်။ အခုဟာ UEC က သူ့ဥပဒေ သူကိုယ်တိုင် ရေးဆွဲ သူ့ဟာသူ ပြင် သူ့ဟာသူ အတည်ပြုပုံစံဖြစ်နေတယ်ဗျ။ အမှန်တကယ်ဆိုရင် ဥပဒေတွေအကုန်လုံးက လွှတ်တော်ကနေ ဘယ်အချက်ကို ရွေးကောက်ပွဲဥပဒေကနေ ပြင်မယ် ဘယ်အချက်မှာ လွှတ်တော်ကနေ တင်ရမယ်။အခုဟာက လွှတ်တော်လည်း ရှိရဲ့သားနဲ့ လုပ်ချင်သလို လုပ်တယ်ဆိုတော့ အလကား လွှတ်တော်ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးအပြင် စစ်ကောင်စီဥက္ကဌ ရာထူးကိုပါ ပူးတွဲရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေတွေကို ရက်ပိုင်းခြားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ ပြင်ဆင်ပြဌာန်းလိုက်တဲ့ နည်းဥပဒေကိုတော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၆ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နည်းဥပဒေကို ထုတ်ပြန်တာလို့ ကော်မရှင်ရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။
ပုဒ်မ ၂၆ အရ ကော်မရှင်က ဥပဒေပါ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်တဲ့အခါ လိုအပ်တဲ့ နည်းဥပဒေတွေ အမိန့်ကြော်ငြာစာ အမိန့်ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်နိုင်တယ်လို့ ထည့်သွင်းပြဌာန်းထားတာပါ။
တစ်ဘက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ပတ်သက်ပြီး စတုတ္တအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းအဖြစ် အသွင်ပြောင်းစစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပြီး ပြည်သူတွေ သိရှိလေ့လာအကြံပြုနိုင်ဖို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ အသိပေးလာပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဇ) ရဲ့ နောက်မှာ ပုဒ်မခွဲ (ဈ) အဖြစ် ဖြည့်စွက်ရမှာပါ။ အဲဒီပုဒ်မခွဲအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ခြင်း ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ အရ နိုင်ငံရေးပါတီတည်ထောင်လိုသူတွေကို သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရမယ်ဆိုတဲ့အပေါ် နောက်ထပ် သတ်မှတ်ချက်တစ်ခုကို ထည့်သွင်းပြီး လွှတ်တော်ကနေ အတည်ပြုပြဌာန်းနိုင်ဖို့ ဖြစ်ပါတယ်။
အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီလက်ထက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

