ဘီးလင်း၊ ဇူလိုင် ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က အရာရှိအပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် မနက် ၄ နာရီလောက်ကစတင်ပြီး တက်တူးကုန်းကျေးရွာထဲကို စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာရာ ဘုရားကုန်းဘက်အရောက်မှာ KNLA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နှစ်ရက်ဆက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ရွာထဲက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး စစ်တပ် စီးနင်းလာတဲ့ ကား ၃ စီးနဲ့စစ်အသုံးဆောင်ပစ္စည်း တချို့ကျန်ရစ်ခဲ့ပါတယ်။
အထိနာသွားတဲ့ စစ်တပ်က မီးရှို့လို့ ရွာခံပြည်သူနေအိမ် ၁၅ လုံးခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်ကလေး ကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ အာဏာသိမ်း စစ်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးထိခိုက်သူတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

