မော်လမြိုင်၊ ဇူလိုင် ၇

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အမည်စာရင်း သွင်းဖို့ ဆင့်ခေါ်ခံရတာကြောင့် လူငယ်အများစု တိမ်းရှောင်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကစလို့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို နေအိမ်တွေအထိ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာပါ။

စစ်မှုထမ်း ဆင့်ခေါ်စာ ပေးပို့ခံရတဲ့ လူငယ်တွေဟာ ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို မတရားဝင် လမ်းကြောင်းတွေကနေ တိမ်းရှောင်တာတွေ ရှိနေပြီး တချို့လူငယ်တွေက နေရပ်ပြန် ပြောင်းရွှေ့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း အမည်စာရင်း တင်သွင်းဖို့ ဆင့်ခေါ်ခံရသူတွေအနေနဲ့ မပျက်မကွက် သတင်းပို့ဖို့ ညွှန်ကြားထားပြီး ပျက်ကွက်ရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအနေနဲ့ အရေးယူမယ်လို့ မော်လမြိုင်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၄ အရ စစ်မှုထမ်း ဆင့်ခေါ်မှုကို တိမ်းရှောင်ပါက ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်လုံး ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်ထားပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ လူငယ်တွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် လျှောက်ထားချိန်မရဘဲ တစ်ခါတည်း စစ်သားစုဆောင်းခံနိုင်တဲ့အပေါ် စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ စစ်မှုထမ်း ဆင့်ခေါ်မှုကြောင့် ဒေသတွင်းမှာ လူ့စွမ်းအား အရင်းအမြစ် ပိုမိုဆုံးရှုံးလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ထောက်ပြထားပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်မှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးထွန်းအောင်က စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ ပြီးခဲ့တဲ့ မေလအတွင်း ညွှန်ကြားခဲ့တာကြောင့်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ ဒေသတွင်းရှိ လူငယ် ၅၄၀၀ ထက်မနည်း စစ်သားစုဆောင်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.