ဝါရှင်တန်၊ ဇူလိုင် ၇
ဇူလိုင် ၆ ရက် ညပိုင်းက ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ စီးပွားဖြစ် သင်္ဘောတွေကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အနည်းဆုံး ဒုံးကျည် နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Axios သတင်းဌာနက အမေရိကန် အရာရှိ နှစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။
စီးပွားဖြစ် ပြေးဆွဲတဲ့ သင်္ဘော နှစ်စီး သိသိသာသာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ထိခိုက် သေဆုံးမှု မရှိဘူးလို့ အမေရိကန် အရာရှိ တစ်ဦးကို ကိုးကားပြီး အဲဒီ သတင်းမှာ ရေးပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အမေရိကန် ဗဟိုတပ်မ ဌာနချုပ်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထား ပါတယ်။
ဗြိတိန် ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများ အေဂျင်စီ (UKMTO) က လောင်စာတင် သင်္ဘော တစ်စီး တောင်ဖက်သို့ ခုတ်မောင်းနေချိန် လက်ဝဲဖက်ကို အမျိုးအစားမသိရတဲ့ လက်နက်ကျည် ထိမှန်ခဲ့တယ်လို့ ဇူလိုင် ၇ ရက် မနက်ပိုင်းက ပြောပါတယ်။
အိုမန်နိုင်ငံ လီမာမြို့ရဲ့ အရှေ့ဖက် ရေမိုင် ၈ မိုင်လောက်မှာ အဲဒီ သင်္ဘော ပစ်ခတ် တိုက်ခိုက်ခံရတာ ဖြစ်ပြီး မီးလောင်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနဲ့ ပတ်သက်လို့ ဖော်ပြထားတာ မတွေ့ရပါဘူး။
အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ပြီးဆုံးခဲ့ပြီး ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး ရနိုင်မယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဖြစ်ပြီးနောက် အခုလိုမျိုး သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုကြောင့် စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် သံတမန်ရေးအရ ဆွေးနွေးနိုင်မယ့် အခြေအနေတွေ ဖန်တီးရေး ရက်ပေါင်း ၆၀ ကြာ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူထားပြီးနောက် အခုလို အီရန်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီရန်နဲ့ သဘောတူညီမှု တစ်ရပ် ရရင်ရ မဟုတ်ရင် အလုပ်ပြီးအောင် လုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
ထိပ်တန်း ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီရဲ့ ဈာပန အခမ်းအနား ကျင်းပနေချိန် တီဟီရန်က အာခံနေပြီး ထရန့်က စစ်ရေးအရ အရေးယူဖို့ ထပ်ပြီး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ကျွန်တော်တို့ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ခင်ဗျားတို့ကို ပစ်ခတ်ဖို့ အသင့်ရှိနေတယ်လို့ သင်္ဘောများအား ရေကြောင်း ရေဒီယိုက တစ်ဆင့် သတိပေးခဲ့ကြောင်း Wall Street Journal က ဇူလိုင် ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ပစ်ခတ် တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေထဲက တစ်စီးကတော့ ဓာတ်ငွေ့ အရည်တင် သင်္ဘော Al Rekayyat ဖြစ်ပုံရပြီး Nakilat ကုမ္ပဏီက စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘောဟာ ကာတာရဲ့ ဓာတ်ငွေ့အရည် လုပ်ငန်းနယ်ပယ်ရဲ့ သင်္ဘော လုပ်ငန်း တစ်ခု ပိုင်ဆိုင်တာ ဖြစ်တယ်လို့ အဲဒီ ဂျာနယ်က ဖော်ပြပါတယ်။
အင်ဂျင်ခန်း အပေါ်ဖက်ရှိ သင်္ဘော လက်ဝဲဖက်ခြမ်း ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပြီး အင်ဂျင်ခန်း မီးလောင်မှုကြောင့် မီးခိုးတွေ ပြည်နှက်သွားခဲ့ပေမယ့် နောက်ထပ် ထိခိုက်ပျက်စီးမှုကို မသိရပါဘူး။
သင်္ဘောသား အားလုံး ဘေးကင်းပြီး ညာဖက်ခြမ်းကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း Wall Street Journal က သူတို့ရရှိထားတဲ့ အသံဖိုင်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အဲဒီ သင်္ဘောဟာ အိုမန် ပင်လယ်ကွေ့ အတွင်း ရေလက်ကြား အဝင်အဝမှာ ရှိနေချိန် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ရင်းနီးမြှုပ်နှံသူတွေက ဟောမု့ဇ် လမ်းကြောင်းကို ဖြတ်သန်းမယ့် သင်္ဘောတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေကို အနီးကပ် စောင့်ကြည့်နေကြ ပါတယ်။
Ref:Reuters

