ဘေဂျင်း၊ ဇူလိုင် ၇
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်မှာ မိုးကြိုးမုန်တိုင်းတွေ ကျရောက်ပြီးနောက် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဇူလိုင် ၇ ရက်မှာ ဖော်ပြပါတယ်။
လူဦးရေ သန်း ၂၀၀ လောက် နေထိုင်တဲ့ ဒေသများစွာမှာ နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ရာသီဥတု ခန့်မှန်းသူတွေက သတိပေးထား ပါတယ်။
ဇူလိုင် ၆ ရက် ညနေပိုင်းမှာ လေးနာရီလောက်ကြာတဲ့အထိ ဟွန်းရှီ၊ ဟွမ်ကျန်း၊ အကျိုနဲ့ ရှန်းနင်မြို့တို့မှာ ၁ နာရီ ၁၄၉ ကီလိုမီတာနှုန်းနဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဟူဘေးပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး ဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အရှေ့တောင်ပိုင်းဒေသ ကွန်းကျီနဲ့ အရှေ့ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ကျန်းဆုနဲ့ ရှန်ဒေါင်းတို့မှာ လာမယ့် ၂၄ နာရီအတွင်း မိုးရေချိန် ၂၆၀ မီလီမီတာအထိ မိုးအလွန် သည်းထန်နိုင်ကြောင်း ပြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း တရုတ် အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်။
တရုတ် အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ တခြားဒေသတွေမှာ လေဆင်နှာမောင်းတွေ ဖြစ်ပေါ် နိုင်ကြောင်းလည်း အဲဒီ ဌာနက သတိပေးထားပါတယ်။
ဟူဘေနဲ့ ရှန်ဒေါင်းတို့ဟာ တရုတ်နိုင်ငံရဲ့ အဓိက စိုက်ပျိုးရေး ပြည်နယ်တွေထဲမှာ ပါဝင်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခုရာသီနှောင်းပိုင်းမှာ ရိတ်သိမ်းရတော့မယ့် ပြောင်းဖူး၊ မြေပဲနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ ပျက်စီးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ရာသီဥတုကြောင့် ဖြစ်တဲ့ ပြင်းထန် မိုးလေဝသ အခြေအနေတွေကြောင့် တရုတ်မှာ နှစ်စဉ် စီးပွားရေး ဆုံးရှုံးမှု ဘီလီယံပေါင်းများစွာ ရှိလာနိုင်တဲ့ အန္တရာယ် ကျရောက်နေပါတယ်။
မကြာသေးခင်က မြို့ပြတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး စက်မှုလုပ်ငန်း အနှောင့်အယှက်တွေ ကြုံခဲ့ရသလို ကောက်ပဲသီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။
ပြင်းထန်တဲ့ အခြေအနေတွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး ထိုင်ဝမ်ဆီသို့ ဦးတည်နေတဲ့ တိုင်ဖွန်း မုန်တိုင်း ဘာဗီနဲ့ ပတ်သက်လို့လည်း တရုတ်ကို မိုးလေဝသ ပညာရှင်တွေက သတိပေးထား ပါတယ်။
ဇူလိုင် ၆ ရက်က ဂူအမ်၊ တီနီယံ၊ ဆိုင်ပန်နဲ့ ရိုတာ စတဲ့ ဒေသတွေကို ဖြတ်သန်း တိုက်ခိုက်ခဲ့တဲ့ ဘာဗီ မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၉၀ နှုန်း ရှိကြောင်း အမေရိကန် မိုးလေဝသဌာနက ပြောပါတယ်။
တိုင်ဖွန်း မေဆက်ကြောင့် မြစ်ရေတွေ ဆည်ရေ မျက်နှာပြင်တွေ မြင်တက်လာပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွန်းရှီဒေသရဲ့ မြို့တော် နန်နင်းမှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ် နေပါတယ်။
အခု အချိန်မှာတော့ အဲဒီ မုန်တိုင်းဟာ အရင်ကလောက် အားမကောင်းတော့ဘူးလို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ဇူလိုင် ၆ ရက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မုန်တိုင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာချိန် တောင်တရုတ် ပင်လယ်မှာ စုပ်ယူခဲ့တဲ့ မိုးရေတွေကို အင်အား အပြည့်နဲ့ ရွာချနေတာကြောင့် ပြင်းထန်တဲ့ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း တရုတ် မိုးလေဝသဌာနက ပြောဆိုထားပါတယ်။
Ref:Reuters

