ဘေဂျင်း၊ ဇူလိုင် ၆

တရုတ် စစ်တပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကနေ ပစိဖိတ်ရေပြင်ထဲ ဇူလိုင် ၆ ရက်က ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီးနောက် ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီလန်စတဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေရဲ့ ဝေဖန်မှု၊စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြည်သူ့လွတ်မြောက်ရေး စစ်တပ် ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးက ပစိဖိတ်ရှိ နိုင်ငံတကာ ရေပြင်သို့ ထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ဒုံးကျည် တစ်စင်းကို ဒေသစံတော်ချိန် ၁၂ နာရီ ၁ မိနစ်မှာ ပစ်လွှတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ ရေပြင်ထဲ ကျရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းမှာ ဖော်ပြပေမယ့် တည်နေရာနဲ့ ပတ်သက်လို့ နောက်ထပ် အသေးစိတ်ကို မဖော်ပြထားပါဘူး။

အဲဒီ စမ်းသပ် ပစ်ခတ်မှုဟာ တရုတ်ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပုံမှန် အစီအစဉ် ဖြစ်တယ်လို့ ဖော်ပြထားပြီး ဘယ်နိုင်ငံကိုမှ တိုက်ခိုက်ဖို့ ဒါမှမဟုတ် ပစ်မှတ်ထားဖို့ ရည်ရွယ်တာ မဟုတ်ကြောင်း ပြောပါတယ်။

အဲဒီိလို စမ်းသပ် ပစ်လွှတ်ဖို့ စီစဉ်ထားမှုနဲ့ ပတ်သက်လို့ တရုတ်က မိမိတို့ အစိုးရကို အသိပေးခဲ့ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်းနီဝေါင်က ပြောပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ အခုလို လက်နက် ပစ်ခတ် စမ်းသပ်မှုကြောင့် ဒေသအတွက် မတည်မငြိမ်မှုတွေ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

အဲဒီလို စမ်းသပ် ပစ်ခတ်မှုဟာ တရုတ်ရဲ့ စစ်အင်အား အလျင်အမြန် တည်ဆောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဝေါင်က ဖီဂျီမြို့တော် ဆူဗာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဂျပန် အစိုးရကလည်း အဲဒီ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုနဲ့ ပတ်သက်လို့ အသိပေးချက် လက်ခံ ရရှိခဲ့တယ်လို့ ပြောကြားပြီး တရုတ်ကို ပြန်စဉ်စားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှု ပိုများလာတာနဲ့ ပတ်သက်လို့ များစွာ စိုးရိမ်ကြောင်း မိမိတို့ ဖော်ပြခဲ့တယ်လို့ တိုကျို အစိုးရက ပြောပါတယ်။

တရုတ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန် အထူး စီးပွားရေးဇုန် အပြင်ဖက်မှာ ကျရောက်ခဲ့တာ ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက ဇူလိုင် ၆ ရက်က ဖော်ပြပါတယ်။

အခုလို စမ်းသပ်မှုကြောင့် မိမိတို့ နိုင်ငံအနေနဲ့ များစွာ စိုးရိမ်မိကြောင်းနဲ့ ပစ်လွှတ်မှု မတိုင်ခင် နာရီပိုင်းအလိုမှာ မိမိတို့ကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာက ပြောဆိုပါတယ်။

တရုတ်က တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ကို ၂၀၂၄ ခုနှစ်က စမ်းသပ်ခဲ့ပြီးဖြစ်သလို စစ်အင်အားကို အလျင်အမြန် တိုးချဲ့နေပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.