ဘန်ကောက်၊ ဇူလိုင် ၆

ထိုင်းလေကြောင်းလိုင်း လေယာဉ်မယ် သြစတြေးလျသို့ သယ်ဆောင်သွားခဲ့တဲ့ ဘိန်းဖြူတွေရဲ့ ဇစ်မြစ်ကို ခြေရာခံနေတဲ့ ထိုင်းရဲတပ်ဖွဲ့က အဲဒီ ဘိန်းဖြူ‌တွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပြီး လာအိုကတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ မှောင်ခိုတင်သွင်းတာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နှင်းရေးဌာန (NSB) လက်ထောက် အကြီးအကဲ ရဲမှူးချုပ် ဆွမ်ဘွမ် သီယန်ခါအိုက မစ္စ မီနာလို့ပဲ ဖော်ပြထားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး မှောင်ခိုကူးခဲ့တဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်တယ်လို့ ဇူလိုင် ၅ ရက်မှာ ပြောဆိုခဲ့တာပါ။

လာအိုနယ်စပ် ထိုင်း မြောက်ပိုင်းခရိုင် ဖာယာအို၊ ချီအန် ခမ်း ဒေသကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

တရားမဝင် မူးယစ်ဆေးတွေ တစ်ဆင့်ခံ သယ်ဆောင်ရာ ဒေသအဖြစ် ရှုမြင်ခံထားရတဲ့ အဲဒီ ဒေသကို ပိတ်ထားလိုက်ပြီလို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ နယ်စပ် စစ်ဆေးမှုတွေကို ရှောင်ရှားရေး မြန်မာနိုင်ငံက တိုက်ရိုက် မှောင်ခိုတင်သွင်းမယ့်အစား လာအို မြောက်ပိုင်းကတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ချီအန်ခမ်း ဒေသတွင်း မကြာသေးခင်က စီးနင်းမှုတွေအတွင်း မက်သာဖက်တမင်း ဆေးပြား သန်းနဲ့ချီ ဖမ်းဆီးရမိခဲ့တာက ဒီအဆိုကို အတည်ပြုထားတယ်လို့ သူက ပြောပါတယ်။

အဲဒီက တဆင့် မူးယစ်ဆေးတွေကို ထိုင်းနိုင်ထဲသို့ ရွှေ့ပြီး အများစုဟာ ပြည်ပ နိုင်ငံတွေဆီ ပို့ဆောင်နေတာ ဖြစ်တယ်လို့ ရဲမှူးချုပ် ဆွမ်ဘွမ်က ပြောပါတယ်။

ဘိန်းဖြူတွေကို ဝှက်ပြီး ထည့်ထားတဲ့ ဆင်ပုံပါ အိတ်တွေ ပါဝင်တဲ့ ပါဆယ်ထုတ်အား ဇွန် ၂၂ ရက်က ဘန်နာ ဒေသရှိ မစ္စ မီနာရဲ့ ကွန်ဒိုမှာ သူ့ဆီကို ပေးပို့ခဲ့တယ်လို့ အူထိုင်း ခါနာပီဝတ်ဆိုသူက ဝန်ခံထားပါတယ်။

သူဟာ အဲဒီ ဘိန်းဖြူတွေကို နယ်စပ်က သွားယူခဲ့တာ ဖြစ်ပြီး တခြား ပါဆယ်ထုပ်တွေကို ဇွန် ၂၀ ရက်က ချီအန်ခမ်းဒေသမှာ သွားယူခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရှေ့မှောက် ထွက်ဆိုထားပါတယ်။

သူဟာ ထွက်ပြေးတိမ်းရှောင်နေချိန် ဇူလိုင် ၃ ရက်က ဖစ်ဆာနူလော့ခ် ဒေသမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အရင်ကလည်း အလားတူ ပို့ဆောင်ပေးမှုမျိုး ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ရဲတွေကို ပြောထားပါတယ်။

NSB လက်ထောက် အကြီးအကဲက မစ္စတာ အူထိုင်းရဲ့ အပြုအမူတွေကြောင့် သူ့ကို မေးမြန်း စစ်ဆေးချိန်အတွင်း သူ့ရဲ့ ထွက်ဆိုချက်တွေအပေါ် ရဲတပ်ဖွဲ့က သံသယ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်က မဲလ်ဘုန်းမြို့ လေဆိပ်မှာ မစ္စ မီနာ ဖမ်းဆီးခံရပြီးနောက် သူ့ဖုန်းကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး သူ့လက်ဝယ်ထားရှိတဲ့ တခြား မူးယစ်ဆေးတွေကို စွန့်ပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဖာယာအိုက သူယူလာခဲ့တဲ့ ပါဆယ်ထုပ်တွေကို အယုဒ္ဓယရှိ သူ့ရဲ့ တိုက်ခန်းမှာ သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၂ ရက်မှာ သူအေတာချာ ဆူပီယံဆိုသူရဲ့ ကားကို ငှားပြီး မစ္စ မီနာ ရှိတဲ့ ဘန်ကောက်မြို့ ကွန်ဒိုသို့ သွားရောက် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ တိုက်ခန်းကို စစ်ဆေးရှာဖွေရာမှာ ဘိန်ဖြူထည့်တဲ့ အိတ်တွေလို့ ယူဆရတဲ့ အိတ်တွေ တွေ့ရှိခဲ့ရတာပါ။

မစ္စ မီနာ ဖမ်းဆီးခံရပြီးနောက် တခြား အိတ်တွေကိုတော့ သူက အယုဒ္ဓယရှိ လမ်းဘေး တစ်နေရာမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.