ကာရာကတ်စ်၊ ဇူလိုင် ၆
ဗင်နီဇွဲလားမှာ နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့တဲ့ ငလျင်များကြောင့် သေဆုံးသူ အရေအတွက် ၃၃၄၂ ဦးအထိ ရှိလာကြောင်း ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်တဲ့ အရေအတွက်အရ သိရပါတယ်။
အသစ် ဖော်ပြထားတဲ့ စာရင်းအရ ထိခိုက်ဒဏ်ရာရသူ အရေအတွက်လည်း ၁၆၄၇၀ ဦးအထိ ရှိလာပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အရေအတွက် ၁၇၃၄၅ ဦး အထိ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။
အဲဒီနေ့ စောစောပိုင်းက ဗင်နီဇွဲလားရဲ့ ၂၁၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာမှာ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂိုဂွတ်ဇ်က ငလျင်တွေ လှုပ်ခတ်ပြီးနောက် အစိုးရရဲ့ ဆောင်ရွက်မှုတွေကို ကာကွယ် ပြောဆိုသွားပါတယ်။
ငလျင် လှုပ်ခတ်ပြီးနောက် အစိုးရရဲ့ တုံ့ပြန်ပုံ နှောင့်နှေးပြီး လုံလောက်မှု မရှိဘူးလို့ ဗင်နီဇွဲလား ပြည်သူအများက ပြောဆိုပြီး စိတ်ပျက်နေကြပါတယ်။
အရေးပေါ် အခြေအနေတွေနဲ့ သဘာဝဘေးတွေကို ကူညီ ဖြေရှင်းပေးရေး စစ်တပ် တပ်ဖွဲ့ အသစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို သူ့အနေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ချက်ချင်း ချထားပေးခဲ့တယ်လို့ ယာယီသမ္မတ မစ္စစ် ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
ဇွန် ၂၄ ရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကို အရာရှိများ တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ လူအများ ဒေါသထွက်နေကြပေမယ့် မငြိမ်သက်မှု ဖြစ်ပွားမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။
နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်မလာခင် အမေရိကန် ထောက်ခံတဲ့ အစိုးရရဲ့ တုံ့ပြန်ပုံ မလုံလောက်ဘူးလို့ ဗင်နီဇွဲလား နိုင်ငံသား အများအပြားက ရှုမြင်ထားကြပြီး ဒေါသထွက်နေကြပါတယ်။
မိမိတို့ နိုင်ငံမှာ လူမှုရေးဆိုင်ရာ နက်ရှိုင်းတဲ့ တစ်သားတည်း ရပ်တည်မှုကြောင့် လူထု မငြိမ်သက်မှု ဖြစ်လာမှာ မဟုတ်ဘူးလို့ မစ္စစ် ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရေး ထိခိုက် သေဆုံးသူတွေကို အပျက်အစီးတွေအောက်ကနေ တူးယူ သယ်ထုတ်ရေး ဗင်နီဇွဲလား ယာယီအစိုးရက အစိုးရ အရာရှိထောင်ပေါင်းများစွာနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ပေးခဲ့ တယ်လို့ သူက ပြောပါတယ်။
လက်တင်အမေရိကရဲ့ အဆိုးရွားဆုံး ငလျင်ဘေးတွေထဲက တစ်ခုကြောင့် အဆောက်အဦတွေ အများကြီး ပြိုကျခဲ့ပြီး လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အထူးသဖြင့် မြို့တော် ကာရာကတ်စ် မြောက်ပိုင်း ကမ်ရိုးတန်းဒေသ လာဂွါအီရာ ဒေသမှာ အဆောက်အဦ ပြိုကျမှု များခဲ့တာ ဖြစ်ပါတယ်။
ငလျင် နှစ်ကြိမ်ဆက် လှုပ်ခတ်ပြီးနောက် ၁၁ ရက် အကြာမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်သူတွေ ထပ်မံ ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်းတွေကိုတော့ အပျက်အစီးများအောက်ကနေ တူးပြီး ထုတ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ အဆောက်အဦ ၅၈၀၀၀ ကျော် ပျက်စီးသွားခဲ့ပြီး အပျက်အစီး တန်ချိန်ပေါင်းများစွာ ရှိနေပါတယ်။
ဒီအချိန်မှာ နောက်ထပ် ရှာဖွေတွေ့ရှိတဲ့ အလောင်းတွေကို ထားစရာနေရာမရှိ ဖြစ်နေတာကြောင့် ကာပါကင်တွေမှာ အလောင်းတွေ စီထားနေရတယ်လို့ ဆိုပါတယ်။
ဒေါ်လာ ၄၅၀ အထိ ပေးရတဲ့ အသုဘ စရိတ် မတတ်နိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အင်အား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ပြီးနောက် နောက်ထပ် အလောင်းတွေ ရှာတွေ့လာနိုင်တဲ့အတွက် သေဆုံးသူ အရေအတွက် အခုထက် ပိုများလာနိုင်ပါတယ်။
အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားလို့မရရင် သေမှု သေခင်း ဌာနဆီ လွှဲအပ်နေရပါတယ်။
Ref:Reuters

