ဘရပ်ဆဲလ်၊ ဇူလိုင် ၄

နေတိုး မဟာမိတ် အဖွဲ့ရဲ့ ပုဒ်မ ၅ သဘောတူညီချက်အရ စုပေါင်းကာကွယ်ရေး အတွက် သံကွန်ချာ ကတိကဝတ်ကို လာမယ့် သီတင်းပတ် အန်ကာရာမြို့မှာ ကျင်းပမယ့် ထိပ်သီး ဆွေးနွေးပွဲအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အပါအဝင် နေတိုး ခေါင်းဆောင်တွေ အတည်ပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

နေတိုးအဖွဲ့ရဲ့ သံအမတ်တွေက ဇူလိုင် ၃ ရက်က အတည်ပြုခဲ့တဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာ အခုလိုမျိုး ဖော်ပြထားတာ ဖြစ်ပါတယ်။

၂၀၂၆ အတွက် ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၈၀ (ယူရို ဘီလီယံ ၇၀) ပေးမယ်ဆိုတဲ့ ကတိကိုလည်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေက အတည်ပြုဖို့ ရှိနေပါတယ်။

၂၀၂၇ ခုနှစ်မှာလည်း အလားတူ ပမာဏ နီးပါးလောက် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းကို ထောက်ပံ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း အဲဒီ ကြေညာချက်အရ သိရပါတယ်။

ကြေညာချက်ကို ထိပ်သီး ဆွေးနွေးပွဲမှာ အပြီးသတ် အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

နေတိုးအဖွဲ့ရဲ့ စုပေါင်း ကာကွယ်ရေး အခြေခံမူကို ထရန့် အပါအဝင် ခေါင်းဆောင်အားလုံးက ကတိထားဆဲ ဖြစ်တယ်လို့ Euronews က ဖော်ပြထားပါတယ်။

အခုလို ကြေညာချက်အတွင်း အီရန်အနေနဲ့ နျူကလီးယား လက်နက်များ လုံးဝ မပိုင်ဆိုင်စေရ ဆိုတာကိုလည်း အဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားပါတယ်။

လာမယ့် ဇူလိုင် ၈ ရက် အန်ကာရာ ထိပ်သီး ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေ သဘောတူပြီးတာနဲ့ ကြေညာချက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နေတိုးအဖွဲ့ရဲ့ အခြေခံမူအရ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရရင် တစ်ဖွဲ့လုံးကို တိုက်ခိုက်မှု ဖြစ်တယ်လို့ သဘောထားမှာ ဖြစ်ပါတယ်။

နေတိုး အဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် သူတို့ ပေးသင့်တဲ့ ပမာဏအတိုင်း မပေးဘူးဆိုရင် နိုင်ငံတစ်နိုင်ငံတိုက်ခိုက်ခံရချိန် အမေရိကန် ကူညီပေးမလား ဆိုတာနဲ့ ပတ်သက်လို့ ထရန့်က သံသယ ဖြစ်စရာကောင်းလောက်အောင် ပြောဆိုခဲ့ပါတယ်။

သူက အီရန်ကို အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း နေတိုး မဟာမိတ်တွေဟာ အမေရိကန်ကို စွန့်ပစ်ထားခဲ့တယ်လို့လည်း စွပ်စွဲထားတာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့ကို အမေရိကန်က တဖက်သတ် ဆက်ဆံနေရရင် အဓိပ္ပါယ် မရှိရာကျတယ်လို့လည်း ထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters/Euronews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.