မော်လမြိုင်၊ ဇူလိုင် ၃
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်နိုင်ရေး တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအနေနဲ့ အလေးထား ဖိတ်ခေါ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။
မနေ့ ဇူလိုင် ၂ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်မှာ ပြုလုပ်တဲ့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးမှာ ဦးသက်ထွေးက တိုက်တွန်းမှာကြားခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ ဦးသက်ထွေးက အကြောင်းမျိုးမျိုးကြောင့် စည်းရုံးခံရပြီး လမ်းမှားရောက်နေသူတွေ မိဘနေရပ်ထံ ပြန်လိုပါက အလွယ်တကူချိတ်ဆက် အလင်းဝင်ရောက်နိုင်ရေးအတွက် ကော်မတီအနေနဲ့ အလေးထား ဖိတ်ခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ လုပ်ငန်းအတွေ့အကြုံရှိပြီး ပေါင်းစပ်ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ကော်မတီဝင်တွေအဖြစ် ထပ်မံဖြည့်စွက် ဖွဲ့စည်းဖို့ ပြောဆိုခဲ့တာပါ။
ဦးသက်ထွေးဟာ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသူပါ။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အယုံအကြည် မရှိသလို အလင်းဝင်ကြဖို့ ဖိတ်ခေါ်မှုဟာ ဟာသပျက်လုံးသာ တစ်ခု ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို အလင်းဝင်ရောက်နေတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

