နေပြည်တော်၊ ဇူလိုင် ၃

ဝါရင့်မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဲ့ NSPNC ကော်မတီတို့ဟာ မနေ့ ဇူလိုင် ၂ ရက်နေ့က နေပြည်တော်ရှိ M Gallery ဟိုတယ် အစည်းအဝေးခန်းမမှာ ငြိမ်းချမ်းရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ NSPNC ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခုဆွေးနွေးပွဲဟာ အစိုးရသစ်တက်လာပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ဆွေးနွေးတာ ဖြစ်ပြီး ၂၀၂၁ ကာလအတွင်း ပြည်နယ်တွေမှာ ပဋိပက္ခတွေ ဖြစ်ပွားမှု ရှိခဲ့ပေမယ့် မွန်ပြည်နယ်မှာ တည်ငြိမ်မှုရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်းပေးမှာ ဖြစ်ကြောင်းနဲ့ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို သက်ဆိုင်ရာသို့ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်သလို ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက NSPNC အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားတဲ့ ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ NMSP ဘက်က ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားနိုင်ရေးကိစ္စ၊ ရေးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြောက်ပိုင်းကျေးရွာတွေမှာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း မွေးစာရင်းအချက်အလက်တွေကို အတည်ပြုမွေးစာရင်းထုတ်ပေးနိုင်ရေး၊ လမ်း၊ တံတားတွေ ဦးစားပေးအစီအစဉ်အနေနဲ့ ဆောက်လုပ်ပေးရေး တင်ပြခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးထားတဲ့ အခြေအနေ၊ ပါတီထိန်းချုပ်နယ်မြေတွေထဲ လေကြောင်းတိုက်ခိုက်တွေနဲ့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ရှိ မရှိ ထုတ်ပြန်တာ မတွေ့ရပါဘူး။

ဒီတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်ကြတဲ့ နိုင်အောင်မငေးနဲ့နိုင်ဗညားချမ်းနွန်၊ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊နိုင်ကွန်းစိုက်နဲ့ ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့ ပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ဟံသာ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ NMSP ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ စစ်တပ် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြဲလို တက်ရောက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.