မော်လမြိုင် ၊ ဇူလိုင် ၃

မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက် ရွေးကောက်ပွဲကနေ အသွင်ပြောင်းအစိုးရအဖြစ် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတယ်လို့ ကြွေးကြော်နေပါတယ်။

လက်တွေ့မှာတော့ ပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ လေကြောင်းနဲ့ တိုက်ခိုက်တာ အဓမ္မဖမ်းဆီး စစ်မှုထမ်းခိုင်းတာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ကို ဆက်လက်ပိတ်ပင်တားဆီးနေတာပါ။

စစ်တပ်က အရပ်သားအုပ်ချုပ်တဲ့ အစိုးရအဖြစ် ပုံဖော်ဖို့ စစ်ယူနီဖောင်းချွတ် တိုက်ပုံလဲဝတ်ပြီး အသွင်ပြောင်းခဲ့ပေမယ့် နဂိုတည်ရှိနေတဲ့ အာဏာရှင်ရဲ့ စရိုက်တွေ စနစ်ဆိုးတွေကိုတော့ လပိုင်း အတွင်းမှာတောင် မဖုံးကွယ်နိုင်ခဲ့ပါဘူး။

တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်မှာ လက်နက်အားကိုးပြီး ပြည်သူတွေအပေါ် ဖိနှိပ်နေဆဲဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း အရင်ကထက် ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းထဲကို တစ်စထက်တစ်စ နစ်ဝင်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒီလိုမျိုး အခြေအနေဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းနေရတာမို့ ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရဖို့ မှေးမှိန်နေသေးတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တခြားတစ်ဘက်ကလည်း လူထုတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုစွမ်းအားကလည်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် ၄၊၅၊၆ နှစ်တာ ကာလမှာ အတော်လေးကို လျော့ကျလာတာရှိတယ်။ တစ်ဘက်ကလည်း လူ့အခွင့်အရေးအခြေအနေဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ကာလဖြစ်တယ်။ ဆိုတော့ ပြည်သူတွေရဲ့ ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြန်လည်ရရှိနိုင်တဲ့ လမ်းစရှိနိုင်မလားလို့ ပြောလို့ရှိရင် မှေးမှိန်နေပါသေးတယ်”လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက်ပိုင်း သီတင်းပတ် ၉ ပတ်အတွင်း နိုင်ငံတဝန်းမှာ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းမှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အနည်းဆုံး လူ ၃၆၃ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီကိန်းဂဏန်းအရေအတွက်ဟာ ဧပြီ ၁၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အပတ်စဉ် ထုတ်ပြန်တဲ့ မြင်ကွင်း – တော်လှန်စစ်ဆင်ရေး အချက်အလက်တွေကို အခြေခံပြီး သံလွင်တိုင်းမ်က ပြန်လည်ပြုစုထားတာပါ။

လက်ရှိမှာ စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်တွေနဲ့ အာဏာသိမ်း သမ္မတ ဦးဆောင်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့ဟာ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြတာ နှစ်လကျော်လာပါပြီ။

ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုရဲ့ ဝန်ကြီးအယောက် ၃၀ ထဲမှာ စစ်အရာရှိဟောင်း ၂၁ ဦး ပါဝင်သလို နေပြည်တော်ကောင်စီဥက္ကဌ နဲ့ တိုင်း ပြည်နယ်အဆင့် ဝန်ကြီးချုပ်အများစုကလည်း စစ်အရာရှိဟောင်းတွေကို ခန့်အပ်ထားသလို လွှတ်တော်ဥက္ကဌ တွေလည်း အလားတူပါ။

ဒါဟာ ဦးမင်းအောင်လှိုင် ကိုယ်တိုင် လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးတွေကို အာဏာသိမ်းကာလ စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်က စစ်ဗိုလ်ချုပ်တွေ လူယုံတွေနဲ့ပဲ ရွေးချယ်စီမံထားတာပါ။

ဒေသခံပြည်သူတစ်ဦးက အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအစိုးရဆိုတဲ့ ခေါင်းစဉ်ပြောင်းသွားပေမယ့် ဒီလူနဲ့ ဒီလူပဲမို့ မြေပြင်မှာ ထိန်းချုပ်မှုတွေ မလွတ်လပ်မှုတွေ ရှိနေတုန်းပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ အစိုးရအပြောင်းအလဲဆိုပေမယ့် ဒီလူနဲ့ ဒီလူပါပဲ။ ဒါပေမယ့် ခေါင်းစဉ်ပြောင်းသွားတာပေါ့နော်။ အရပ်သားအစိုးရဆိုပြီး ဖြစ်သွားတယ်။ ဒီဟာပဲ ကွာသွားတယ်။ ကျန်တာတော့ သိပ်မကွာဘူး။ အပေါ်မှာသာ ပြောင်းမယ် အောက်ခြေမှာတော့ ပုံမှန် ဒီလိုမျိုးပဲ၊ ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲ။ ပြည်သူတွေ လွတ်လပ်မှုတွေ လွတ်လပ်စွာ ကုန်သွယ်ခွင့် လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ သွားလာခွင့် လွတ်လပ်စွာ တင်ပြခွင့် မရှိသေးရင်တော့ ပြည်သူတွေကတော့ ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။

လက်ရှိ အသွင်ပြောင်းထားတဲ့ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေး၊ တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ်ဘဲ နိုင်ငံ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးလို့ လေ့လာသူတွေက ထောက်ပြပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီနစ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်တတိယပတ် တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ထုတ်ပြောခဲ့ပါတယ်။

သူတာဝန်ယူဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စာမျက်နှာသစ် ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောကြားထားတာပါ။

ဒါပေမယ့် ဒီမိုကရေစီစံနှုန်းအရ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုတို့အပေါ် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ရေးသားသူတွေ ပိုစ့်တွေအောက်မှာ Comment ရေးသားသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ၊ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူတာတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

စစ်တပ် အသွင်ပြောင်း အစိုးရခန့် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဆိုရှယ်မီဒီယာမှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ၂၄ နာရီ စောင့်ကြည့်ပြီး အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဇွန် ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ လူပေါင်း တစ်သောင်းကျော်ကို အရေးယူထားသလို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ လူ‌ပေါင်း ၁၈၀၀ ကျော်ကိုလည်း အရေးယူထားတယ်လို့ သူက ဖြေကြားထားတာပါ။

တစ်ဘက်မှာ စစ်တပ် အသွင်ပြောင်း အစိုးရက နိုင်ငံ့တာဝန်စတင်ထမ်းဆောင်တဲ့ ဧပြီလအတွင်းမှာတင် Chin World ၊ KHONUMTHUNG MEDIA GROUP ၊ မျက်မှောက်ခေတ်၊ မြေလတ်အသံ၊ Red News Agency နဲ့ Asia Citizens တို့ရဲ့ လုပ်ငန်းလိုင်စင်တွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်သိမ်းခဲ့ပါသေးတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ မရှိတဲ့အခြေအနေမှာ စစ်အစိုးရပြောတဲ့ ဒီမိုကရေစီဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။

“ဒီဂျစ်တယ်မှာလည်း ခွင့်မပြုသလို အပြင်မှာလည်း တချိန်လုံး ဖုန်းစစ် စောင့်ကြည့်။ အဲဒီလို အခြေအနေနဲ့တော့ ဒီမိုက‌ရေစီစနစ်ဆိုတာ ဘယ်လိုမှ သက်သေမပြနိုင်ပါဘူးဗျ။ အဲဒီတော့ ဒီမိုကရေစီကို တကယ် Serious ဆိုရင် ပထမဦးဆုံး သေချာတာတော့ ပြည်တွင်းရော ပြည်ပရော တစ်ကမ္ဘာလုံးနဲ့ တိုင်းတာတာက အဲဒီတိုင်းပြည်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိလဲဆိုတဲ့ စံနှုန်းမရှိဘဲနဲ့တော့ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးခင်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ်ကနေ တပ်ချုပ်ရာထူးကို စွန့်ပြီး သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အလုံးစုံ အာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှုကလည်း အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းတော့ မရရှိသေးပါဘူး။

ဒီအခြေအနေမှာ သူအုပ်ချုပ်တဲ့ သက်တမ်း ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။

ဒါကြောင့် စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး PDF တွေကိုတော့ လက်နက်ချ အလင်းဝင်ခိုင်းဖို့ ဖြစ်ပါတယ်။

တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါဝင် တော်လှန်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နေတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်တပ်လက်အောက်မှာ နေမှသာ ဗုံးကြဲခံရမှုကနေ လွတ်နိုင်မှာဖြစ်ပြီး အဲဒီလိုမှ မဟုတ်ရင် ဗုံးကြဲခံရနိုင်တယ်ဆိုတဲ့ မက်ဆေ့ပ်ကို ပြည်သူတွေ သိအောင် လုပ်နေတာလို့ သုံးသပ်ပါတယ်။

“တဖက်မှာ ငြိမ်းချမ်းရေးခေါ်ထားပြီးတော့ တဖက်မှာ ဖိအား‌ပေးတဲ့ သဘောမျိုး ဒီဗျူဟာကို ကျင့်သုံးတယ်ပေါ့။ ပြင်းပြင်းထန်ထန် ဗုံးတွေ ကြဲတယ်၊ စစ်ကြောင်းတွေ ထိုးတယ်။ အဲဒီလိုလုပ်ပြီးမှ တစ်ဘက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်တယ်။ အဓိက သူတို့က ပြည်သူကို မက်ဆေ့ပေးတာ သူတို့ စိုးမိုးနယ်မြေ ဒါမှမဟုတ် သူတို့ရဲ့ လက်အောက်မှာ နေမှသာလျှင် ဗုံးကြဲခံရတာ လွတ်မယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူးဆိုရင် မင်္ဂလာဆောင်လည်း မဟုတ်နဲ့ အလှူလည်း မဟုတ်နဲ့ တရားပွဲလည်း မလုပ်နဲ့ ဘာဆို ဘာမှ မလုပ်နဲ့ သူတို့ စိုးမိုးနယ်မြေမဟုတ်ရင်တော့ လူစုလူဝေးဆို ကြဲမှာပဲ။ ဒီလိုပုံစံမျိုး အမြင်မျိုးဖြစ်အောင် သူတို့ လုပ်တယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေအပါအဝင် မြို့နယ် ၆၀ ကို သမ္မတရုံးက အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတာကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံအတည်ပြုထားတာပါ။

ဒါဟာ သမ္မတရုံးရဲ့ ဥပဒေလိုမျိုး အာဏာတည်တဲ့ အမိန့်ကို ကြေညာခဲ့မှုအပေါ် လွှတ်တော်ကနေ ထောက်ခံအတည်ပြုတာဟာ ကိုယ်စားလှယ်တွေက အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို တနည်းတဖုံ ပံ့ပိုးပေးနေတဲ့ သဘောမျိုး သက်ရောက်စေပါတယ်။

လက်ရှိမှာလည်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စစ်တပ်က အဲဒီမြို့နယ် ၆၀ ထဲက အရေးပါတဲ့ မြို့တွေကို အင်အားအလုံးအရင်းသုံးပြီး မြေပြင်ဝေဟင်ပေါင်းစပ်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ကာ လက်လွှတ်နယ်မြေတချို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး တန်ပြန်စစ်ဆင်ရေးတွေ လုပ်နိုင်တာဟာ စစ်မှုထမ်းဥပဒေကနေ နည်းမျိုးစုံနဲ့ စုဆောင်းရရှိခဲ့တဲ့ တပ်သားသစ်တွေကို ကာလတို သင်တန်းပေးပြီး ရှေ့တန်းပို့ကာ လူလှိုင်းအဖြစ် အသုံးချနေတာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ လူငယ်တွေကို စစ်ရေးဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးပြီး စစ်မှုထမ်းစေခိုင်းနေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ပြောဆိုနေကြတာပါ။

“လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ သတ်ကွင်းထဲ ပို့နေတဲ့နှုန်းကလည်း တကယ့်ကို စိတ်ပျက်ဖွယ်ရာ ပိုများလာတာ တွေ့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွေမှာ လူငယ် ရှစ်သိန်းလောက်က ထိုင်းမြန်မာနယ်စပ်မှာ စစ်မှုထမ်းရှောင်နေရဆဲဖြစ်တယ်။ တချို့လည်း ထိုင်းနဲ့မလေးရှားဘက်ကို တရားမဝင် နည်းလမ်းတွေနဲ့ စစ်ရှောင်ရင်း အလုပ်သမားတွေ ဖြစ်ကုန်ကြတယ်။ ပြန်ပို့ခံရပြီး စစ်ထဲ အတင်းဓမ္မပြန်သွင်းတဲ့ ပုံစံတွေလည်း များလာတယ်”လို့ နိုင်အဲမွန်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း ၂ နှစ်ကျော်အတွင်း စစ်မှုထမ်းအမှတ်စဉ် ၂၆ ခု ဖွင့်လှစ်ထားပြီး လက်ရှိမှာ အပတ်စဉ် ၂၃ ထိ သင်တန်းဆင်းထားပြီး ဖြစ်ပါတယ်။

တစ်ဘက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်းကို အကျပ်ရိုက်စေသလို မိသားစုဝင်တွေကိုပါ စိုးရိမ်မှုတွေ အခက်အခဲတွေ ဖြစ်စေတဲ့အပေါ် ဥပဒေကို ဖျက်သိမ်းဖို့ ပြည်သူတွေက ဆန္ဒရှိနေကြတာပါ။

ဒီအပေါ် ကိုယ်စားလှယ်တွေက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ယာယီရပ်ဆိုင်းတာနဲ့ ဖျက်သိမ်းရမယ်ဆိုတဲ့ အဆိုတင်သွင်းတဲ့သူတွေ မရှိသေးဘဲ ပေါ်တာဆွဲ ဖမ်းဆီးတာတွေနဲ့ ငွေတောင်းတဲ့လုပ်ရပ်တွေကိုသာ တတိယကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွေမှာ မေးမြန်းနေကြတာပါ။

လွှတ်တော်ဟာ စစ်တပ်က ကြီးစိုးထားသလို စစ်တပ်ကိုလည်း မလွှမ်းမိုးနိုင်တဲ့ အနေအထားဖြစ်လို့ လူထုအတွက် အကျိုးထူးမှာ မဟုတ်ဘဲ ရုပ်သေးလွှတ်တော်သာဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက ဝေဖန်ပါတယ်။

“လွှတ်တော်က စစ်တပ်ကို မလွှမ်းမိုးနိုင်ဘူးဆိုရင် ဘာထူးမှာလဲ။ သူ့ဟာသူ ဘာပဲပြောပြောပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ မြင်တယ်။ လွှတ်တော်က ရုပ်သေးရုပ်လိုပါပဲ၊ ဘာမှ မထူးပါဘူး။ မွန်ပြည်နယ်မှာလည်း ဒီလိုပဲ လွှတ်တော်မှာ ပြောလိုက်ရင် မိုးလားကဲလား လုပ်လိုက်ရင် တလွဲကြီးပဲ။ အခုချိန်ဆိုလည်း ပြည်သူ့အကျိုးရှိအောင် လုပ်မယ်ပြောပြီး ပြည်သူတွေကိုပဲ ရမယ်ရှာပြီး နေ့ရောညရော သတ်ဖြတ်နေတာ၊ ဘယ်လိုလုပ် ပြည်သူကို အကျိုးပြုမှာလဲ”လို့ ပြောပါတယ်။

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းမှုတွေ ယဉ်ပါးနေတဲ့ မြန်မာနိုင်ငံမှာ ဘယ်အာဏာရှင်ကိုပဲ ကြည့်ကြည့် ဒီမိုကရေစီစံနှုန်းတွေ လူ့အခွင့်အရေးစံတန်ဖိုးတွေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာတာ မရှိခဲ့ကြပါဘူး။

ဒါကြောင့် အာဏာရှင်စနစ် တည်မြဲရေးအတွက် နိုင်ငံ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ ပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်ဟာ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.