ကျိုက်ထို၊ ဇူလိုင် ၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ် စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ ဇီးကုန်းကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး ကြဲချသွားတာပါ။
အဲဒီဗုံးကြဲမှုတွေအတွင်း အရပ်သားပြည်သူတွေနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးတာတွေ ရှိနေပေမယ့် အရေအတွက် အတိအကျကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။
တချိန်တည်းမှာပဲ ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ဇီးကုန်းရွာကို လက်နက်ကြီး နှစ်လုံး ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရတဲ့ ဇီးကုန်းကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေမှာ ပါဝင်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU သထုံခရိုင် တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ထားပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း လူ ခြောက်ဦး သေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

