မြဝတီ၊ ဇူလိုင် ၄

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးနယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီး ဂိတ်တချို့ကို ပိတ်ထားလိုက်ပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ ဖလူးရွာတွေမှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတို့အကြား ပြီးခဲ့တဲ့ ဇွန်လကုန်က နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲ ကျည်ဆံတွေ ကျရောက်ပြီး စာသင်ကျောင်း နေအိမ်တွေ ထိမှန်ခဲ့တာပါ။

ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာဘက်ခြမ်း မြန်မာဘက်ခြမ်းက ကျည်ဆံတွေ ကျရောက်ပြီး ကျောင်းနဲ့ နေအိမ်တချို့ကို ထိမှန်သွားခဲ့တာကြောင့် ထိုင်းကျောင်းနဲ့ မြန်မာရွှေ့ပြောင်းကျောင်းတချို့လည်း ယာယီပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ကျည်ဆံတွေ ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲ မကြာခဏ ကျရောက်ပြီး အဆောက်အဦးတွေ ထိမှန်ခဲ့တာကြောင့် မဲ့ကိုကင်းရွာသားတွေ နယ်မြေခံ ထိုင်းစစ်တပ်တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ထိုင်းစစ်တပ်က ဇူလိုင် ၃ ရက်နေ့ကစလို့ နယ်စပ်ဂိတ်တချို့ကို ပိတ်ထားလိုက်ပြီး လုံခြုံရေးအင်အားလည်း တိုးမြှင့်ချထားလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပိတ်လိုက်တဲ့ နယ်စပ်ဂိတ်တွေဟာ သောင်းရင်းမြစ်ကမ်းနားက နယ်စပ်ဂိတ် သုံးဂိတ် ဖြစ်ပြီး အဲဒီနယ်စပ်ဂိတ်တွေကနေတဆင့် အစားအသောက်နဲ့ ကုန်ပစ္စည်းတွေကိုလည်း သယ်ယူခွင့် မပေးတော့ဘူးလို့ သိရပါတယ်။

မြဝတီတောင်ဘက် တိုက်ပွဲအတွင်း ရှေ့ဆက်တိုးလို့မပေါက်သေးတဲ့ အာဏာသိမ်း စစ်တပ်ဟာ အင်အားထပ်မံဖြည့်ဆည်းထားသလို တော်လှန်ရေးအင်အားစုဘက်ကလည်း ထိုးစစ်ဆင်လာမယ့် စစ်တပ်စစ်ကြောင်းတွေအပေါ် ခုခံတိုက်ခိုက်ဖို့ အင်အားဖြည့်ပြီး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဒီတိုက်ပွဲအတွင်း မင်းလက်ပံရွာနဲ့ ဖလူးရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့သလို လေယာဉ်ကနေ နေ့တိုင်း ဗုံးကြဲချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.