နေပြည်တော် ၊ ဇူလိုင် ၄

မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းကနေ သုံးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီးနောက် ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဖို့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဖိအားပေးလာပါတယ်။

ဇူလိုင် ၂ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့တာပါ။

တွေ့ဆုံဆွေးနွေးပွဲကို NSPNC ဘက်က ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ ပါဝင်ပြီး မွန်ပြည်သစ်ပါတီဘက်က ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ ဖြစ်ကြတဲ့ နိုင်အောင်မငေးနဲ့ အခြားကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခုဆွေးနွေးပွဲဟာ အစိုးရသစ်တက်လာပြီးနောက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ဆွေးနွေးတာဖြစ်ပြီး ၂၀၂၁ ကာလအတွင်း ပြည်နယ်တွေမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပေမယ့် မွန်ပြည်နယ်ဟာ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်တွေကို သက်ဆိုင်ရာကို တင်ပြကာ ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သူက ပြောဆိုခဲ့တာပါ။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းက NSPNC အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ စေတနာမှန်ကန်မှု၊ နိုင်ငံရေးဆန္ဒနဲ့ စိတ်ရှည်သည်းခံမှုတို့နဲ့သာ တည်ဆောက်နိုင်ရေး၊ စစ်ရေး၊ နိုင်ငံရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး စတာတွေကို ဖြေလျှော့မှုတွေ လုပ်ပေးနိုင်ဖို့ ပြောပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားတဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်ရေး အလွတ်သဘောတွေ့ဆုံပွဲမှုကနေ အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်နိုင်ဖို့ ပွင့်လင်းမြင်သာစွာ အပြန်အလှန်ယုံကြည်မှုနဲ့ အဆက်မပြတ် လုပ်ဆောင်ဖို့ကိုလည်း နိုင်အောင်မင်းက တင်ပြခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ဘက်မှာ ပြီးခဲ့တဲ့ မေနှောင်းပိုင်းနဲ့ ဇွန်လအတွင်း မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသအတွင်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး NSPNC နဲ့ တွေ့ဆုံခဲ့မှုအတွင်း ပါတီဘက်က ထည့်သွင်းပြောဆိုတာ ရှိ မရှိ မသိရပါဘူး။

ဒီအပေါ် သံလွင်တိုင်းမ်အနေနဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကို ပါတီဘက်က ဆွေးနွေးတင်ပြချက်တွေ အပါအဝင် ဒေသတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကတော့ မွန်ပြည်သစ်ပါတီဘက်က တင်ပြတဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေအပါအဝင် အရင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေတွေနဲ့ ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် ဒေသတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ပူးပေါင်းမလဲဆိုတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ စစ်တပ် အသွင်းပြောင်း အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့်ရုပ်သံတွေနဲ့ သတင်းစာတွေမှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဇွန်ဒုတိယပတ်ကစပြီး ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို စစ်တပ် အသွင်းပြောင်း အစိုးရက ပြန်လည်သိမ်းပိုက်နိုင်ဖို့ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ လမ်းကြောင်းသုံးကြောင်းကို အသုံးပြုပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းဖို့ ညှိနှိုင်းခဲ့ပေမယ့် ပါတီဘက်က လက်မခံခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေက နယ်မြေတည်ငြိမ်ရေးအတွက် အပြန်အလှန် ပေါင်းစပ်လုပ်ဆောင်နိုင်ရေး အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ မွန်စာပေသင်ကြားနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးအထောက်အပံ့ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ရေးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ် အနောက်ဘက်ခြမ်း၊ တနင်္သာရီတိုင်း ရေဖြူမြောက်ပိုင်းကျေးရွာတွေမှာ မွေးစာရင်းအချက်အလက်တွေကို အတည်ပြုမွေးစာရင်းထုတ်ပေးနိုင်ရေး၊ လမ်း၊ တံတားတွေကို ဦးစားပေးအစီအစဉ်အဖြစ် ဆောက်လုပ်ပေးရေးကိစ္စလည်း ပါဝင်ပါတယ်။

အဲဒီနောက်မှာတော့ နှစ်ဖက်ဆွေးနွေးချက်တွေအပေါ် မှတ်တမ်းတင်နိုင်ဖို့ ညှိနှိုင်းပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက သတင်းထုတ်ပြန်ထားပေမယ့် မွန်ပြည်သစ်ပါတီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ နိုင်ငံဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့မှုပေါ် အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်ဒုတိယပတ်မှာလည်း အပစ်ရပ်ထိုး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ NSPNC တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်တချို့လည်း တက်ရောက်ဆွေးနွေးထားကြပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ အာဏာသိမ်းကာလမှာလည်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တာရှိပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာတော့ ပါတီဝင်တချို့က ခွဲထွက်ကာ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD အမည်နဲ့ တော်လှန်ရေးမှာ ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.