မော်လမြိုင် ၊ ဇူလိုင် ၃
မွန်ပြည်နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးဘဲ လက်သိပ်ထိုး ခန့်အပ်ပြီး သင်တန်းပေးနေမှုအပေါ် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရထံ လွှတ်တော်က စာပို့မေးမြန်းသွားဖို့ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေထံက သိရပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရဟာ အုပ်ချုပ်ရေးမှူးတွေကို ပြန်မရွေးဘဲ အရင် အုပ်ချုပ်ရေးမှူး အဟောင်းတွေ၊ ကြံ့ခိုင်ရေး ပါတီနဲ့ နီးစပ်သူတွေ အပြင် အသွင်းပြောင်းအစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် အလုပ်အကျွေး ပြုနေတဲ့ ထောက်ခံသူတွေကို လက်သိပ်ထိုး ခန့်အပ်မှုတွေ လုပ်ဆောင်နေတာပါ။
လက်သိပ်ထိုး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ ဇူလိုင် ၁ ရက်နေ့ကနေ ၂၈ အထိ အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းတွေ ပို့ချသွားဖို့ စီစဉ်ထားပါတယ်။
အုပ်ချုပ်ရေးမှူးတွေ ပြန်မရွေးဘဲ သင်တန်းပေးနေမှုအပေါ် ဒီရက်ပိုင်းအတွင်း လွှတ်တော်ကတစ်ဆင့် စာပို့မေးမြန်းသွားဖို့ ရှိနေတယ်လို့ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ပြောပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေ ပြန်မရွေးဘဲ သင်တန်းပေးနေမှုအပေါ် လာမယ့် လွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးမြန်းတာ ဒါမှမဟုတ် အဆိုတင်သွင်းသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ အစိုးရအသစ်အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည် ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ လုပ်ရပ်ဟာ တည်ဆဲဥပဒေကို ပြောင်းပြောင်းတင်တင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတဝန်းအတွင်းရှိ မြို့နယ်တချို့မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း ပြန်လည်ရွေးချယ်တာတွေ လုပ်ဆောင်ပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရကတော့ အုပ်ချုပ်ရေးမှူးတွေ ပြန်မရွေးဘဲ ထောက်ခံသူတွေကို လုပ်ပိုင်ခွင့် ပေးနေတာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက မေးခွန်းမေးမြန်းခဲ့ပေမယ့် စစ်တပ် အသွင်းပြောင်း အစိုးရဘက်ကတော့ တိကျတဲ့ အဖြေမပေးသွားခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

