နေပြည်တော် ၊ ဇူလိုင် ၃

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ကာလ ၂ နှစ် ပြည့်မြောက်သူတွေကို တပ်ကနေ ပြန်လည်စေလွှတ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်သူတွေ ရှိနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကနေ သိရပါတယ်။

အကြမ်းမျဉ်းအနေနဲ့ သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကို ပြန်လွတ်ပြီး တချို့ အခြေအနေတွေကြောင့် တပ်တွင်းမှာ ဆက်လက်ဆွဲခေါ်ထားတာ ဆေးရုံတက်နေရတာတွေနဲ့ တချို့ အရေးယူခံရတာတွေကြောင့် ပြန်မလွှတ်နိုင်သေးတဲ့ အခြေအနေတွေ ရှိနေတာပါ။

အာဏာသိမ်းကာလ စစ်ကောင်စီလက်ထက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ တပ်ချုပ်ရာထူးနဲ့ ဦးမင်းအောင်လှိုင် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ခေါ်ယူခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၃ အထိ သတ်မှတ်ကာလ ပြည့်မြောက်သွားခဲ့ပါပြီ။

ဇူလိုင် ၁ ရက်နေ့က နိုင်ငံတဝန်းရှိ တိုင်းစစ်ဌာနချုပ်တွေမှာ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့တဲ့ အပတ်စဉ် ၃ က ပြည်သူ့စစ်မှုထမ်းတွေကို တာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ တံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်တဲ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အပတ်စဉ်တစ်ခုကို စစ်မှုထမ်းအင်အား ၄၇၀၀ ကနေ ၅၀၀၀ ဝန်းကျင်ခေါ်ယူခဲ့တဲ့အပေါ် သတ်မှတ်ကာလပြည့်မြောက်ပြီး တပ်ကနေ ပြန်လည်စေလွှတ်တဲ့ အရေအတွက်ကိုတော့ စစ်အစိုးရဘက်က အသိပေးထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက တပ်တွင်းက ရရှိတဲ့ သတင်းတွေနဲ့ စောင့်ကြည့်လေ့လာတဲ့ အချက်အလက်တွေအရ အပတ်စဉ် ၃ မှာ သတ်မှတ်ကာလပြည့်မြောက်သူ တချို့ကိုတော့ ဆက်လက်ထိန်းထားတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“၂ နှစ် ပြည့်မြောက်တဲ့သူတွေထဲက ဆန္ဒပြုတဲ့သူတွေ သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့သူတွေတော့ သူတို့ ပြန်လည်စေလွှတ်တယ်ဆိုတဲ့ သတင်းတွေတော့ ကျွန်တော်တို့ ကြားသိရတယ်။ အဲဒီထဲမှာမှ တချို့ တပ်ရင်းတွေမှာ တချို့ အင်အားနည်းနေသေးတဲ့ တပ်ရင်းတပ်ဖွဲ့တချို့မှာ ပြန်လည်စေလွှတ်ဖို့ အကြောင်းအမျိုးမျိုးပြပြီး ဆက်လက်ထိန်းချုပ်ထားတယ်ဆိုတဲ့ အနေအထားတွေ နောက်တစ်ချက်က စစ်ဆင်ရေးနယ်မြေအလွန် ရောက်နေတဲ့နေရာကနေ ပြန်လာဖို့ နောက်ကျသူတွေကို ပြန်မလွှတ်နိုင်သေးတဲ့အခြေအနေတွေ ရှိတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ နောက်တစ်ချက်က တပ်တွေမှာ စာရွက်စာတမ်းရုံံးလုပ်ငန်းတွေ တင်ပြတာ ခက်ခဲကြန့်ကြာတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထိန်းထားတဲ့တချို့လည်း ရှိတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းအများစုဟာ ထွက်ပြေးတာနဲ့ အလင်းဝင်တာ ရှိသလို စစ်မြေပြင်မှာ သေဆုံးတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ၊ ဒဏ်ရာရတာနဲ့ ပျောက်ဆုံးတာ စတဲ့အကြောင်းရင်းတွေကြောင့် နေရပ်ပြန်မလာနိုင်တာလည်း ရှိတယ်လို့ CDM တပ်အရာရှိတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ MDSI ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ မှာ တပ်အင်အား ၅၁၀၀ ကျော်ရှိပေမယ့် စစ်တပ်က ဖော်ပြထားတဲ့ နေရပ်ပြန်လာနိုင်သူ အရေအတွက်ဟာ ၂၀၀၀ ဝန်းကျင်သာရှိတာကြောင့် ကျန်တဲ့ လူငယ် ၃၀၀၀ ဟာ စာရင်းပျောက်နေတာပါ။

ဒါဟာ အပတ်စဉ် ၁ မှာတင် ပျောက်ဆုံးနေတဲ့ အရေအတွက်ဖြစ်ပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၂၀ ကျော်လာချိန်မှာ အိမ်မပြန်နိုင်တော့တဲ့ အရေအတွက်ဟာ ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်လောက် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရကတော့ သတ်မှတ်ကာလပြီးဆုံးတဲ့ စစ်မှုထမ်းတချို့ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုတဲ့အတွက် ကိုယ်တိုင်ဆန္ဒပြုပြီး စစ်တပ်မှာ ဆက်လက်တာဝန်ထမ်းဆောင်ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတ်မှတ်ကာလပြည့်မြောက်ပြီးသူတွေအနေနဲ့ အလုပ်အကိုင်ရရှိရေးနဲ့ပတ်သက်ပြီး အစိုးရဝန်ထမ်း ပြည်တွင်း၊ပြည်ပကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနဲ့ ရပ်ရွာတွေမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးအတွက်လည်း ချိတ်ဆက်ပေးနေတယ်လို့ မက်လုံးပေးထားတာပါ။

အင်အားလိုအပ်ချက်အရ စစ်မှုထမ်းတွေကို ခေါ်ယူစုဆောင်းတာနဲ့ပတ်သက်ပြီး မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒီအပေါ် စစ်တပ် အသွင်းပြောင်း အစိုးရဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းတပ်သားတွေဟာ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ နယ်မြေတည်ငြိမ်ရေးတာဝန်တွေကို နိုင်ငံ့သားကောင်းပီသစွာ ထမ်းဆောင်ခဲ့ကြတာလို့ တုံ့ပြန်လေ့ရှိပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ အရင်ကထက် ပိုပြင်းထန်လာတဲ့ကြောင့် လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို တိမ်းရှောင်ကြတာ များလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလက်ရှိ ကျွန်တော်တို့ နယ်မှာဆိုရင် ပေါ်တာဆွဲတာ ပိုပြီး ပြင်းထန်လာတယ်။ နောက်ပြီးတော့ လူငယ်တွေ ကြောက်ရွံ့တဲ့သဘောနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်ကြတာ များသွားတယ်။ အခုနယ်မှာရှိတဲ့ လူငယ်တွေ နည်းပါးသွားတာပေါ့။ စစ်မှုထမ်းကြောက်တာနဲ့ သူတို့မှာ နိုင်ငံခြားထွက်ခွာမှု များတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲလည်း များတယ်။အဆိုသွင်းတာတွေ ဘာမှ မရှိဘူး။ ဆိုတော့ လူငယ်ပိုင်းတွေအတွက် နစ်နာတာပေါ့” လို့ ဆိုပါတယ်။

စစ်မှုထမ်းနဲ့ပတ်သက်ပြီး နိုင်ငံသားတိုင်းကို အကျပ်အတည်းဖြစ်စေတဲ့အပေါ် ဥပဒေကို ဖျက်သိမ်းပေးဖို့ လူထုက ဆန္ဒရှိနေကြပေမယ့် ပြည်သူ့အသံကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲဒီဥပဒေကို ဖျက်သိမ်းရမယ်ဆိုတဲ့ အဆိုကို ဘယ်သူကမှ မတင်သွင်းရဲကြသေးပါဘူး။

တစ်ဘက်မှာ စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မှတ်ပုံတင် အမည်စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.