လောင်းလုံး၊ ဇူလိုင် ၃
တနင်္သာရီတိုင်း လောင်းလုံးမြို့အနီး စစ်ပြဲကျေးရွာမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ စစ်ပြဲကျေးရွာကို ပြန်လည်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
စစ်ပြဲကျေးရွာအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်နေတဲ့ ဒေသခံတွေဟာ ရုတ်တရက်ဆိုသလို ချက်ချင်းထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လကစလို့ လောင်းလုံးမြို့ပေါ်ကတဆင့် အနီးအနားရှိ စစ်ပြဲ၊ ညှင်းမော်၊ အောက်ရေဖြူ၊ ဂေါ့အင်းစတဲ့ကျေးရွာကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုး သွားလာနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာ လောင်းလုံးမြို့ပေါ်ကို ပြန်ဆုတ်သွားပြီး လက်နက်နဲ့ ရိက္ခာတွေ ပြန်လည်ဖြည့်တင်းကာ မြို့အောက်ပိုင်းရှိ ကျေးရွာအနီးက တောင်တောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ သွားလာနေတာ ဖြစ်ပါတယ်။
စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က စစ်ပြဲကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

