မကွေး ဇူလိုင် ၂
ချင်းပြည်နယ်တောင်ပိုင်းက စစ်ဆင်ရေးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေကအသာစီးရနေတယ်လို့ ချင်းပြည်သူ့တပ်မတော် (CNA) က သတင်းထုတ်ပြန်ထားပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်ကို အင်အားထောင်ချီ အသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးနဲ့ တိုက်ပွဲဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မေ ၁၆ ရက်ကစပြီး အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်းဝင်ရောက်နေတာကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်ကအင်အား ရာနဲ့ချီ ကျဆုံးပြီး တပ်လန်ခဲ့ရတယ်လို့သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဘက်က ဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပြီး အလောင်းနဲ့စစ်သုံ့ပန်းတွေအပါအဝင် လက်နက်ခဲယမ်းနဲ့စစ်အသုံးဆောင်တွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေရဲ့ နေအိမ်၊ ဘာသာရေးအဆောက်အုံတွေ ထိခိုက်ပျက်စီးပြီး အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။
ချင်းပြည်တောင်ပိုင်းကိုဝင်ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ချင်းပြည်သူ့တပ်တော် (CPA)၊ ယောဒေသတော်လှန်ရေးတပ်တွေဖြစ်တဲ့ YDF၊ YA အပါအဝင် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတာလို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CNA

