ရေး၊ ဇူလိုင် ၂
မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်း အသုံးပြုပြီး စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းသုံးကြောင်းဟာ လက်ရှိမှာတော့ ကျုံလောင်းရွာဟောင်း၊ ဝယ်ဇင်နဲ့ကမ်းနီကျေးရွာအနီး ရောက်ရှိနေတာပါ။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ နှစ်ကရင်၊ ကနင်ကမော့၊ အောင်သပြေနဲ့ ဘဲလမုကျေးရွာ အနီးဝန်းကျင်မှာ စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးထားတာ ဖြစ်ပါတယ်။
ဒီစစ်ကြောင်းထိုးမှုဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ မြိတ်မြို့နယ်ခရီးစဉ်မှာ ရေး ကနေ ကော့သောင်းလမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ အမိန့်ပေးမှုကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ စစ်တပ် စစ်ကြောင်းတွေ ထပ်တိုးလာရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တဖက်မှာလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းတွေဟာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ပြန်လည်ရရှိရေးတွက် ပါတီထိန်းချုပ်နယ်မြေကနေ ဖြတ်သန်းခွင့်ပေးဖို့ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် မွန်ပြည်နယ်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျုံလောင်းရွာဟောင်း၊ ဝယ်ဇင်၊ ဝယ်ပေါင်နဲ့ကျောက်မိချောင်းကျေးရွာတို့က ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့နီးစပ်ရာ ဥယျာဉ်တောတောင်တွေမှာ တိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

